ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (YRO) နှင့် အခြားမိတ်ဖက် ပရဟိတအသင်းများ ပူးပေါင်း၍ သြင်္ကန်ကာလအတွင်း လူနာတင်ယာဉ် အစီးရေ ၁၀၀ ကျော်ဖြင့် ကျန်းမာရေးကူညီမှုများ ပြုလုပ်မည်

ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (YRO) နှင့် အခြားမိတ်ဖက် ပရဟိတအသင်းများ ပူးပေါင်း၍ သြင်္ကန်ကာလအတွင်း လူနာတင်ယာဉ် အစီးရေ ၁၀၀ ကျော်ဖြင့် ကျန်းမာရေးကူညီမှုများ ပြုလုပ်မည်
Published 12 April 2018

ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (YRO) နှင့် အခြားမိတ်ဖက် ပရိဟိတအသင်းများ ပူးပေါင်း၍ ၂၀၁၈ ခုနှစ် မဟာသြင်္ကန်ကာလ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနာတင်ယာဉ် အစီးရေ (၁၀၀) ကျော်ဖြင့် ကျန်းမာရေး ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၁ ရက်တွင် (YRO) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ကျန်းမာရေး ကူညီမှုများအား ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (YRO) နှင့်အတူ အခြားပရဟိတ အသင်းပေါင်း (၈၀) ကျော်ပူးပေါင်းပါဝင်မည် ဖြစ်ကြောင်းနှင့် လူနာတင်ယာဉ် အစီးရေ (၁၂၀) နီးပါးဖြင့် လူနာများအား ကျန်းမာရေး ကူညီမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့နဲ့ မိတ်ဖက်ပရဟိတ အသင်းက လူဦးရေ (၆၀၀) ကနေ (၇၀၀) ကြားအထိ အသုံးပြုပြီး သြင်္ကန်ကာလ အတွင်းမှာ ကျန်းမာရေး ကူညီကယ်ဆယ်မှုတွေ ပြုလုပ်သွားမှာပါ။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုနေရာ (၅၀) အထိထားပြီး ဆောင်ရွက်သွားမှာပါ။ ရန်ကုန်တိုင်း တစ်တိုင်းလုံး ပါပါတယ်။ လူစည်ကားတဲ့ နေရာတွေမှာလည်း ချထားပေးပါတယ်။ မြို့တော်ဗဟိုမဏ္ဍပ်၊ သုဝဏ္ဏရခိုင်မဏ္ဍပ် တာမွေ၊ မြောက်ဥက္ကလာက မဏ္ဍပ်တွေ၊ အင်းလျားကန်တစ်လျှောက် ချထားပါတယ်” ဟု ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (YRO)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် နယ်ဖက်မှလာမည့် လူနာများအတွက် ရှစ်မိုင်၊ လှိုင်သာယာနှင့် ထောက်ကြန့်တို့၌ ကျန်းမာရေး စောင့်ရှောက်မှုစခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။

“နယ်ဖက်ကလာမယ့် လူနာတွေ အဓိကတော့ ဧရာဝတီနဲ့ ပဲခူးဘက်မှ လူနာတွေအတွက် ရှစ်မိုင်၊ လှိုင်သာယာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုစခန်းတွေ ဖွင့်ထားပေးပါတယ်။ အမြန်လမ်းကလာမယ့် လူနာတွေအတွက်က ထောက်ကြန့်မှာ ဖွင့်ထားပါတယ်။ အဲ့ဘက်ကလာမယ့် လူနာတင်ယာဉ်က လူနာကိုတင်ပြီး ရန်ကုန်ထဲမှာ ရှိတဲ့ နီးစပ်ဆေးရုံကို ပို့ဆောင်ပေးမှာပါ” ဟု ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (YRO) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအပြင် ရန်ကုန်တိုင်းအတွင်း ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၊ ရခိုင်သြင်္ကန်မဏ္ဍပ်၊ Bella မဏ္ဍပ်၊ အင်းလျားကန်ဘောင် IBC၊ ရှစ်မိုင်နေရာများအား အဓိကနေရာများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

 

Most Read

Most Recent