JMC - S (မွန်) တွင် ပါဝင်ခွင့်ပေးပြီး JMC - S (ကရင်) (တနင်္သာရီ) တို့၌ ကိုယ်စားလှယ်ပါဝင်ခွင့်မပေးသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ ပြောကြား

JMC - S (မွန်) တွင် ပါဝင်ခွင့်ပေးပြီး JMC - S (ကရင်) (တနင်္သာရီ) တို့၌ ကိုယ်စားလှယ်ပါဝင်ခွင့်မပေးသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ ပြောကြား
Published 12 April 2018

JMC - S (မွန်) တွင် ပါဝင်ခွင့်ပေးပြီး JMC - S (ကရင်) (တနင်္သာရီ) တို့၌ ကိုယ်စားလှယ် ပါဝင်ခွင့်မပေးသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က ပြောကြားသည်။

မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ၏ မွန်အမျိုး သားပညာရေးဗဟိုဌာန အခြေစိုက်ရာ ညီစားစခန်းတွင် ဧပြီ ၉ ရက်က စတင်ပြုလုပ်ခဲ့သည့် NCA တွင် မွန်ပြည်သစ်ပါတီ ပါဝင်လက်မှတ်ရေးထိုးခြင်းကိစ္စနှင့်ပတ်သက်သည့် ရှင်းလင်းပွဲ၌ ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မွန်ပြည်သစ်ပါတီအနေနဲ့က ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC – S) မှာ မွန်ပြည်နယ်အတွက်ပဲ ကိုယ်စားလှယ်ပါဝင်ခွင့်ရရှိခဲ့ပြီးတော့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးအတွက် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC - S ) ကိုယ်စားလှယ်များ ပါဝင်ခွင့်မရခဲ့တဲ့အပေါ်မှာများစွာ စိတ်မကောင်းဖြစ်ရပါတယ်” ဟု နိုင်ထောမွန်က ပြောကြားသည်။

ထို့ပြင် မွန်ပြည်သစ်ပါတီ၏ NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ လူထုတွေ့ဆုံရှင်းလင်းပွဲများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ကူညီပေးသွားမည်ဟု ကတိပြုခဲ့ကြသော်လည်း လူထုတွေ့ဆုံပွဲများကို တပ်မတော်ဘက်မှ လူဦးရေကန့်သတ်ခဲ့ခြင်းကြောင့် အခက်အခဲများစွာ ဖြစ်ခဲ့ရကြောင်းလည်း ဥက္ကဋ္ဌနိုင်ထောမွန်က ပြောကြားသည်။

ထို့အတူ မွန်ပြည်သစ်ပါတီ၏ ဇီးနှစ်ပင် တပ်တည်စခန်းနှင့် ဘုရားကုန်းတပ်တည်စခန်းကို ပြန်ပေးမည်ဟု ပြောဆိုထားပြီးသော်လည်း ယနေ့အချိန်ထိ ညှိနှိုင်းမှု မပြေလည်သေးကြောင်း နိုင်ထောမွန်က ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

“JMC အနေနဲ့ မွန်ပြည်နယ်တစ်ခုမှာပဲ JMC - S ကို ဖွဲ့စည်းခွင့်ပေးတယ်။ ကျန်တဲ့ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ JMC - S အနေနဲ့ စုဖွဲ့မှုမပေးတာ ဥက္ကဋ္ဌကြီးက စိတ်မကောင်း ဖြစ်နေပါတယ်။ အဲဒီအပြင် NCA ထိုးပြီးရင် ပိုပြီးလွတ်လပ်ရမယ်။ ပြောရေးဆိုခွင့်တွေ၊ ထိတွေ့မှုတွေက ပြည်သူနဲ့ရော၊ လူမှုအဖွဲ့အစည်းတွေနဲ့ရော ပိုပြီးတော့ ထိတွေ့ခွင့်တွေရမယ်ဆိုပြီးတော့၊ ကျပ်တည်းမှုဖြစ်လာတာကလည်း သူစိတ်မကောင်းဖြစ်ရတဲ့ ကိစ္စပါပဲ။ ဘာပဲပြောပြော ကျွန်တော်တို့ NCA လမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ ဆက်လက်လျှောက်သွားမယ်” ဟု မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောကြားသည်။

ညီစားစခန်း၌ ဧပြီ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာပြုလုပ်ခဲ့သော NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းကိစ္စနှင့် ပတ်သက်သည့် ရှင်းလင်းပွဲ၌ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လတ်တလော နိုင်ငံရေးဖြစ်စဉ်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် UPDJC က ချမှတ်ထားသည့် ကဏ္ဍကြီး လေးရပ်ဖြစ်သော ပညာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သယံဇာတကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူထုတွေ့ဆုံရှင်းလင်းပွဲတွင် မွန်ဆရာတော်၊ သံဃာတော်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့မှ ကိုယ်စားလှယ်များ၊ မွန်အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံမှ မွန်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားသင့်သူများ စုစုပေါင်း ကိုယ်စားလှယ် ၁၉၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU) နှင့်အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပရမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲများမတိုင်မီ NCA နှင့်ပတ်သက်ပြီး လူထုရှင်းလင်းပွဲများပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ရှင်းလင်းပွဲသို့တက်ရောက်မည့် လူထုအင်အားများနေသောကြောင့် ပြန်လည်လျှော့ချရန် တပ်မတော်ကပြောဆိုလာသဖြင့် ရှင်းလင်းပွဲများအား ကျင်းပရန်နှောင့်နှေးခဲ့ပြီး ယခုမှသာ စတင်ကျင်းပနိုင်ခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လူထုတွေ့ဆုံ ရှင်းလင်းပွဲများကို ညီစားစခန်းအပြင် ၎င်းတို့ တပ်တည်ရာနေရာများဖြစ်သည့် ကရင်ပြည်နယ်၌ ကော့ဘိန်းကျေးရွာအနီး၊ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာအနီးနှင့် ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းကျေးရွာများ၌လည်းကောင်း၊ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ်ဖြစ်သည့် ဝယ်ဇင်စခန်းတို့၌လည်းကောင်း ပြုလုပ်ရန်လျာထားသည်။

ထို့ပြင် မွန်ပြည်သစ်ပါတီအနေဖြင့် NCA စာချုပ်အရ ၎င်းတို့ ဦးဆောင်ကျင်းပရမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မူလက မတ်လကုန်ပိုင်းတွင်စီစဉ်ခဲ့သော်လည်း NCA နှင့်ပတ်သက်သည့် လူထုတွေ့ဆုံရှင်းလင်းပွဲများ မစတင်နိုင်သေးသောကြောင့် ရွှေ့ဆိုင်းလာခဲ့ရာ လက်ရှိတွင် မေလဆန်း၌ ကျင်းပရန် လျာထားကြောင်း သိရသည်။

Most Read

Most Recent