မုံရွာချင်းတွင်းသြင်္ကန်တွင် ထည့်သွင်းထားသည့် တိုင်းရင်းသားရိုးရာပြခန်းဇုန်အား တိုင်းရင်းသား ခြောက်မျိုးတို့နှင့်အတူ ဖွင့်လှစ်

မုံရွာချင်းတွင်းသြင်္ကန်တွင် ထည့်သွင်းထားသည့် တိုင်းရင်းသားရိုးရာပြခန်းဇုန်အား တိုင်းရင်းသား ခြောက်မျိုးတို့နှင့်အတူ ဖွင့်လှစ်
Published 12 April 2018

မုံရွာချင်းတွင်း သြင်္ကန်ဖွင့်ပွဲကို ဧပြီ ၁၁ ရက် နံနက်ပိုင်းက ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ပြုလုပ်စဉ်

ဧပြီ ၁၁ ရက်မှ ဧပြီ ၁၇ ရက်အထိ ခုနစ်ရက်ကြာ ကျင်းပမည့် မုံရွာချင်းတွင်းသြင်္ကန်တွင် ထည့်သွင်းထားသည့် တိုင်းရင်းသားရိုးရာ ပြခန်းဇုန်အား တိုင်းရင်းသားခြောက်မျိုးတို့နှင့်အတူ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဧပြီ ၁၁ ရက် နံနက်ပိုင်းက ချင်းတွင်းမြစ် သဲသောင်ပြင်တွင် အဆိုပါဖွင့်ပွဲအား ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ တက်ရောက်လာသည့် တိုင်းရင်းသားများက ၎င်းတို့၏ ရိုးရာအကများဖြင့် ကပြခဲ့ကြကြောင်း ဒီမိုကရေစီနိုင်ငံတော်သစ်အား သမ္မတသစ်နှင့်အတူ ပြည်သူများက ဝမ်းသာအားရချီတက်ကြမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

“စည်စည်ကားကားနဲ့ မိုးခြောက်လေခြောက်နဲ့ ကျင်းပပြီးစီးသွားတဲ့အတွက် ဝမ်းသာပါတယ်။ လာရောက်တဲ့ပရိသတ်ကလည်း ထင်တာထက်ကို များပြားပါတယ်။ Paramotor ကနေ စပြီးဖွင့်တယ်။ ပြီးတော့ တိုင်းရင်းသားအကတွေနဲ့လည်း ကပြခဲ့ကြတယ်။ သြင်္ကန်အပြီးအထိ စဉ်ဆက်မပြတ် ဖျော်ဖြေသွားမှာပါ။ ဒီမိုကရေစီနိုင်ငံတော်သစ်ကို သမ္မတသစ်ကြီးနဲ့အတူ ပြည်သူတွေဝမ်းသာအားရ ချီတက်ကြပါစို့။ အောင်အောင်မြင်မြင် မရောက်ရောက်အောင် ချီတက်ကြပါစို့လို့ ပြောကြားရင်း နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာ ဆေးကျောသုတ်သင်ပြီး သမ္မတသစ်ကြီးနဲ့ နိုင်ငံတော်သစ်ဆီသို့ သွားကြပါစို့လို့ ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများနှင့်ပတ်သက်၍ ရိုးရာယဉ်ကျေးမှု အစားအသောက်များအား တစ်ခါမှမပြုလုပ်ဖူးကြောင်း၊ ချင်းတွင်းသြင်္ကန် ပြုလုပ်လိုက်ခြင်းကြောင့် ယင်းတိုင်းရင်းသားများသည် ထိုနေရာတွင် လာရောက်ဆုံကြကြောင်း၊ တိုင်းရင်းသားများသည် ထိုကဲ့သို့ဆုံစည်းခွင့်ရသည့်အတွက်၊ ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုအစားအသောက်များအား ပြသခွင့်ရသည့်အတွက် အင်မတန်မှ ဝမ်းသာကြကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က ဆိုသည်။

“ချင်းတွင်းသြင်္ကန်နဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့က မုံရွာမှာရောက်တာ နှစ်နှစ်ရှိပြီ။ အခုလို စည်စည်ကားကားနဲ့ကတော့ ဒါဟာ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်တယ်။ ခါတိုင်းနှစ်တွေက ကျင်းပခဲ့တဲ့သြင်္ကန်တွေမှာတော့ မြန်မာ့ရိုးရာပဲ ပြသကြတာပေါ့နော်။ အခုဟာက တိုင်းရင်းသားတွေပါလာတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မအနေနဲ့ ဝမ်းသာပါတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေ ပြောချင်တာကတော့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးသွားဖို့အတွက်ကတော့ ကျွန်မတို့ အပြန်အလှန်လေးစားမှုပါ။ အပြန်အလှန်လေးစားမှုဟာ သိပ်ကိုအရေးကြီးပါတယ်။ အပြန်အလှန်လေးစားမှုရမှ ကျွန်မတို့က ယုံကြည်မှုကို တည်ဆောက်လို့ရမှာ ဖြစ်ပါတယ်။ ယုံကြည်မှုကို တည်ဆောက်လို့ရမှ ကျွန်မတို့ သွားချင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို သွားနိုင်မှာဖြစ်တယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေရိုးရာတွေကို ကျွန်မတို့ တိုင်းအစိုးရအဖွဲ့အနေနဲ့ လုပ်ပေးခြင်း ဖြစ်ပါတယ်။ အခုလို လုပ်ပေးခြင်းအားဖြင့် ကျွန်မစောစောက ပြောခဲ့သလို တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေရမှာ ဖြစ်ပါတယ်” ဟု ဒေါ်နန်းမွှေးမွှေးခင်က ဆက်လက် ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းရင်းသားအချို့နေထိုင်ကြပြီး မုံရွာမြို့တွင် တိုင်းရင်းသားများ အရောက်အပေါက်နည်းပါးကြောင်း၊ အစိုးရသည် ငြိမ်းချမ်းရေးအား လုပ်ဆောင်နေကြောင်း၊ တိုင်းရင်းသားများကလည်း ငြိမ်းချမ်းရေးညီလာခံများအား ဝိုင်းဝန်းလုပ်ဆောင်နေကြောင်း ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးလာလ်ထောထန်းက ပြောကြားသည်။

“တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ငြိမ်းချမ်းရေးကို လိုလားနေတယ်။ လူထုကလည်း ဒီငြိမ်းချမ်းရေးကို တောင်းဆိုတယ်။ ဒါပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ မတူညီတာရယ် နားလည်မှုလွဲနေတာတွေ ရှိတယ်။ ထင်သလောက်မမြန်ဘူး ဖြစ်နေတယ်။ တဖြည်းဖြည်းနဲ့တော့ ငြိမ်းချမ်းရေး ရလာမှာပါ” ဟု ဦးလာလ်ထောထန်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများသည် နာဂတိုင်းရင်းသား၊ ရှမ်းနီတိုင်းရင်းသား၊ ချင်းတိုင်းရင်းသား၊ ကဒူးတိုင်းရင်းသား၊ ကနန်းတိုင်းရင်းသားများနှင့် ကချင်တိုင်းရင်းသားတို့ဖြစ်ကြောင်း၊ ယင်းတိုင်းရင်းသားများသည် ခုနစ်ရက်ကြာ ကျင်းပမည့် မုံရွာချင်းတွင်းသြင်္ကန်တွင် ၎င်းတို့၏ ရိုးရာအဝတ်အထည်များ၊ အစားအသောက်များ၊ ရိုးရာအသုံးအဆောင်များအား ပြသထားကြောင်း သိရသည်။

မုံရွာချင်းတွင်းသြင်္ကန်တွင် ဇုန်ငါးခုထည့် သွင်းထားပြီး စတုဒိသာမဏ္ဍပ်များ၊ အခကြေးငွေဖြင့် ဝယ်ယူစားသောက်၍ရရှိသည့် စားသောက်ဆိုင်များ၊ အပန်းဖြေထန်းလက်တဲများ တည်ဆောက်ထားရှိကြောင်း၊ ထို့ပြင် လုံခြုံရေးကိုလည်း အထူးကြပ်မတ်ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent