ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်ချက်များ၊ တွေ့ကြုံနေရသော ပြဿနာများ၊ သဘောထားအမြင်များ သိရှိနိုင်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် စကားဝိုင်းပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ညွှန်ကြား

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်ချက်များ၊ တွေ့ကြုံနေရသော ပြဿနာများ၊ သဘောထားအမြင်များ သိရှိနိုင်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် စကားဝိုင်းပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ညွှန်ကြား
Published 12 April 2018

ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး လိုအပ်ချက်များ၊ တွေ့ကြုံနေရသောပြဿနာများ၊ သဘောထားအမြင်များ သိရှိနိုင်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် စကားဝိုင်းပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ညွှန်ကြားချက် ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ကျန်းမာရေး အဆင့်အတန်းမြင့်မားလာရေး၊ လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှုရရှိရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတစ်ခုလုံးနှင့် သက်ဆိုင်ရာကျန်းမာရေးကဏ္ဍအလိုက် စနစ်များအားလုံး ဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်သူများ၏ လိုအပ်ချက်များ၊ လိုလားချက်များ၊ အကြံပြုချက်များ၊ တွေ့ကြုံနေရသော ကျန်းမာရေးပြသနာများ၊ သဘောထားထင်မြင်ချက်များကို သိရှိဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုလည်း ပြည်သူများ သိရှိနားလည်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ အပြန်အလှန်နားလည်မှုရှိကာ ဖြစ်ပေါ်နေသော ပကတိအခြေအနေများနှင့် လိုအပ်ချက်များအပေါ်အခြေခံပြီး ကျန်းမာရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ပြည်သူ့အသံကိုကြားနိုင်ရန်နှင့် အပြန်အလှန်ဆွေးနွေးနိုင်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူးများအနေဖြင့် မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒေသခံပြည်သူများနှင့် ကျန်းမာရေးစကားဝိုင်းများ ပြုလုပ်ကြစေလိုကြောင်း၊ ကျန်းမာရေးစကားဝိုင်းများတွင် လူမှုရေးဝန်ကြီးများ ဦးဆောင်စေပြီး တိုင်းဒေသကြီး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့ပေါ်၊ ကျေးလက်၊ တောရွာ၊ ခက်ခဲဒေသများမှ ပြည်သူများ၊ ကျန်းမာရေးကဏ္ဍ နှင့် နှီးနွှယ်ဆက်စပ်နေသော လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့ အစည်းမှ ကိုယ်စားလှယ်များ ပါဝင်စေချင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကျန်းမာရေးစကားဝိုင်းပြုလုပ်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ပြုလုပ်မည့်နေ့ရက် အစီအစဉ်များကို တင်ပြရန်ဖြစ်ကြောင်း၊ လိုအပ်သော ကုန်ကျစရိတ်ငွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပံ့ပိုးပေးမည်ဖြစ်ပြီး ဗဟိုမှတာဝန်ရှိသူများလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent