ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရှိ ရထားလူကူးခုံးကျော်တံတား ၃၅ စင်းအား တည်ဆောက်သွားမည်

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရှိ ရထားလူကူးခုံးကျော်တံတား ၃၅ စင်းအား တည်ဆောက်သွားမည်
Published 12 April 2018

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းရှိ ရထားလူကူးခုံးကျော်တံတား ၃၅ စင်းအား လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကာ စီမံကိန်းကာလအတွင်း ခရီးသွားလာမှု အဆင်မပြေခြင်းများရှိပါက နားလည်ပေးရန် မြန်မာ့မီးရထားမှ တာဝန်ရှိသူက ပြောကြားသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင် JICA ချေးငွေနှင့် နိုင်ငံတော်ဘတ်ဂျက်ပေါင်း အမေရိကန် ဒေါ်လာ  ၃၀ ဒသမ ၂၉သန်းသုံးစွဲမည်ဖြစ်ပြီး ရထားလူကူးခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား နိုင်ငံတော်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၇၆ သန်းထဲမှ သုံးစွဲသွားမည်ဟု သိရသည်။

လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်သွားမည့် ရထားလူကူးခုံးကျော်တံတား ၃၅ စင်းမှာ ရန်ကုန်-အင်းစိန်လမ်းပိုင်းတွင်  ရှစ်စင်း၊ အင်းစိန်-တညင်းကုန်းလမ်းပိုင်းတွင် လေးစင်း၊ တညင်းကုန်း-မင်္ဂလာဒုံ လမ်းပိုင်းတွင် သုံးစင်း၊ မင်္ဂလာဒုံ-ရန်ကုန် လမ်းပိုင်းတွင် ၂၀စင်း  တည်ဆောက်မည် ဖြစ်သည်။

ရထားလူကူးခုံးကျော်တံတားများကို တည်ဆောက်ရာတွင် မူလခုံးကျော်တံတား ၁၁ စင်းကို  အဆင့်မြှင့်တင်တည်ဆောက်မည်ဖြစ်ပြီး၊ ကျန်ခုံးကျော်တံတားဟောင်းများကို ဆက်လက်အသုံးပြုရန် မသင့်လျော်ပါက အသစ်ပြန်လည်တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

အဆိုပါ လူကူးခုံးကျော်တံတား ၃၅ စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ချိန် တစ်နှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသည့် မြို့ပတ်ရထားကိုးစီး၊  ဘူတာ ၃၈ခုရှိပြီး ရထားလူကူး ခုံးကျော်တံတား ၃၅ စင်းနှင့် ကားလမ်းကူးခုံး ကျော်တံတား ၂၄ စင်းရှိကြောင်း သိရသည်။

မြို့ပတ်ရထားလမ်းပိုင်း ပထမအဆင့်ပြင်ဆင်မှုအဖြစ် အင်းစိန်ဘူတာမှ တညင်းကုန်းဘူတာအထိ စတင်မည်ဖြစ်ပြီး မေ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ မိုးတွင်းကာလတွင် ခေတ္တရပ်နားပြီး အောက်တိုဘာ ၃၁ ရက်တွင် စီမံကိန်းလုပ်ငန်းများကို ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

၁၉၅၈ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည့် ရန်ကုန်မြို့ပတ်ရထားလမ်းသည် နှစ် ၆၀ ခန့် ရှိပြီဖြစ်သော်လည်း လမ်းပိုင်းအကြီးစား ပြုပြင်ခြင်းလုပ်ငန်းကို ယခုမှသာ ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါလမ်းပိုင်းကို ဂျပန်အစိုးရ ချေးငွေ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော် နှင့် နိုင်ငံတော်ဘတ်ဂျက် အမေရိကန် ဒေါ်လာ ၉၄ သန်းကျော်ဖြင့် အဆင့်မြှင့်တင်မည်ဟု မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent