ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ခေးပူ-လွယ်မူပလော လမ်းဟောင်းပြုပြင်ခြင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး တစ်ဖက်တွင်လည်း စေ့စပ်ညှိနှိုင်းခြင်းဖြင့် စိုးရိမ်စိတ်နှင့် ယုံကြည်မှုလျော့နည်းမှု မဖြစ်စေရေး ဆွေးနွေးမည်ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ခေးပူ-လွယ်မူပလော လမ်းဟောင်းပြုပြင်ခြင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး တစ်ဖက်တွင်လည်း စေ့စပ်ညှိနှိုင်းခြင်းဖြင့် စိုးရိမ်စိတ်နှင့် ယုံကြည်မှုလျော့နည်းမှု မဖြစ်စေရေး ဆွေးနွေးမည်ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်
Published 12 April 2018

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ခေးပူ- လွယ်မူပလော လမ်းဟောင်းပြုပြင်ခြင်းအား ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေစေရေးနှင့် မိမိတပ်များ အုပ်ချုပ်မှုကိစ္စဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး တစ်ဖက်တွင်လည်း စေ့စပ်ညှိနှိုင်းခြင်းဖြင့် စိုးရိမ်စိတ်နှင့် ယုံကြည်မှုလျော့နည်းမှုမဖြစ်စေရေး ဆွေးနွေးမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဧပြီ ၁၀ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အနေဖြင့် ရိက္ခာစုပုံစဉ်နှင့် ခေးပူ-လွယ် မူပလော ဆက်သွယ်ရေးလမ်းကြောင်းအဟောင်း ပြုပြင်ချိန်ကာလအတွင်း နှောင့်ယှက်ပစ်ခတ်မှုနှင့် မိုင်းထောင်မှုများအပေါ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ် နေခြင်းကြောင့် နှစ်ဖက်ယုံကြည်မှု မပျက်ပြားစေရေး ဖြစ်စဉ်ဖြစ်ရပ်များအပေါ် တရားဝင် သတင်းထုတ်ပြန်ခြင်းမပြုဘဲ JMC- S နှင့် JMC- U ဆွေးနွေးပွဲများအပါအဝင် သက်ဆိုင်ရာ ဆက်ဆံရေးရုံးများမှတစ်ဆင့်သာ ညှိနှိုင်းဆွေးနွေးသည့်ပုံစံဖြင့် ဆောင်ရွက်သော်လည်း KNU တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့် ထုတ်ပြန်ကြေညာချက်များအား တစ်ဖက်သတ်ထုတ်ပြန်လာခဲ့ရာ ကျန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုးဖွဲ့နှင့် NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးညှိနှိုင်းနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် KNU ၏ ထုတ်ပြန်ကြေညာချက်အပေါ် ယုံကြည်မှုနှင့် နားလည်မှုမလွဲမှားစေရန်နှင့် ပြည်သူလူထု အနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေးအပေါ် နားလည်မှုမလွဲစေရေး ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ၁၅ မိုင်အရှည်ရှိ ခေးပူရွာနှင့် လွယ်မူပလောရွာ ဆက်သွယ်ထားသော ယခင်လမ်းကြောင်းဟောင်းအား ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်အတွက်လည်းကောင်း၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်မှု လွယ်ကူစေရန်လည်းကောင်း၊ ပြန်လည်ပြုပြင်မွမ်းမံရန်ရှိသဖြင့် အဆိုပါကိစ္စအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ KNLA တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းထံသို့ ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်း ၁၁ ကြိမ်ပြုလုပ်ခဲ့ပြီး လမ်းဖောက်လုပ်ရေးလုပ်ငန်းများအား ၂၀၁၈ ခုနှစ် မတ် ၄ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ လမ်းဖောက်လုပ်ရေး လုပ်ငန်းများအား စက်ယန္တရားများနှင့် ဆောင်ရွက်ရာတွင် နယ်မြေအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာ တပ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးများတွင် အသုံးပြုရန် ဖောက်လုပ်ခြင်းဟု စိုးရိမ်စိတ်များပြားပြီး လမ်းဖောက် လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများအား မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ စတင်ဖောက်လုပ်ချိန်မှ ယနေ့အထိ စစ်သည် မိုင်းနင်းမှု သုံးကြိမ်၊ နှောင့်ယှက်ပစ်ခတ်မှု ၂၆ ကြိမ်၊ မိုင်းဖော်ထုတ်ရရှိမှု ရှစ်ကြိမ် (မိုင်း ၂၁ လုံး) ရရှိခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည်တချို့ ထိခိုက်ကျဆုံး ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ၎င်းတို့ဘက်မှ နှောင့်ယှက်ပစ်ခတ်ရန်နှင့် မိုင်းထောင်ရန် ကားလမ်းပေါ်သို့ ဝင်ရောက်လာသည့် မသင်္ကာဖွယ် အရပ်ဝတ် နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါ်ယူသော်လည်း ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးအား ဗုံးသီးများ၊ ပစ္စည်းအချို့နှင့်အတူ အသေဖမ်းဆီးရရှိခဲ့ကာ သိမ်းဆည်းရရှိခဲ့သော ကင်မရာ၊ သက်သေခံကတ်ပြားများနှင့် တိုက်ဆိုင်စစ်ဆေးချက်များအရ ဦးစောကလိုပါးဖြစ်ကြောင်း သိရှိရသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ လမ်းကြောင်းဟောင်း ပြုပြင်ဖောက်လုပ်မှုသည် တပ်အင်အားတိုးချဲ့၍ တပ်စခန်းတိုးမြှင့်ချထားရန် ဆောင်ရွက်ခြင်း မဟုတ်ဘဲ မိမိတပ်များ အုပ်ချုပ်မှုကိစ္စဆောင်ရွက်ရာတွင် အဆင်ပြေရန် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိသောကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စိုးရိမ်စိတ်များနှင့် မလိုလားအပ်သော မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် မိမိတို့ဘက်မှ ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်တွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် JMC- U အစည်းအဝေးတွင် နှစ်ဖက်တပ်ခေါင်းဆောင်များ အဆိုပါဖြစ်စဉ်နယ်မြေဝန်းကျင်၌ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းသဘောတူခဲ့သော်လည်း ပစ်ခတ်မှုဖြစ်ပွားသည့်နယ်မြေရှိ အဓိက တာဝန်ရှိသူမှာ ကျန်းမာရေးအကြောင်းပြချက်ဖြင့် မတက်ရောက်နိုင်သောကြောင့် ကျန်းမာရေးကောင်းသည့်အချိန်တွင် ဆောင်ရွက်နိုင်ရန် တပ်မတော်ဘက်မှ ပြန်လည်အကြောင်းကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ အဆိုပါနယ်မြေအတွင်း နှစ်စဉ်ဆောင်ရွက်လျက်ရှိသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရိက္ခာစုပုံရေးရာသီအတွင်း လမ်းကြောင်းပြန်လည်ပြုပြင်ခြင်းနှင့် ရိက္ခာပို့ချိန်များတွင်လည်း အဆိုပါ စိုးရိမ်စိတ်ကြီးမားပြီး နားလည်မှုလွဲမှားနေသည့် နယ်မြေခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းသည် မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ လမ်းဖောက်လုပ်သည့် ဒိုဇာအား မိုင်းထောင်ခြင်းတစ်ကြိမ်၊ ရိက္ခာပို့ယာဉ်တန်းအား မိုင်းထောင်ခြင်း တစ်ကြိမ်၊ စစ်သည်မိုင်းနင်းခြင်း ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သည်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့ကာ မိုင်းဖော်ထုတ်ရရှိမှု ၄၇ ကြိမ်နှင့် မိုင်း ၆၄ လုံး ရရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့သို့ မိုင်းထောင်၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သက်ဆိုင်ရာ JMC- S အစည်းအဝေးများတွင် တပ်မတော်ဘက်မှ ကန့်ကွက်ဆွေးနွေးမှု ငါးကြိမ်နှင့် JMC- U အစည်းအဝေးများတွင် ကန့်ကွက်ဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ လုပ် ထုံးလုပ်နည်းနှင့်အညီ ကန့်ကွက်ဆွေးနွေးခဲ့ သော်လည်း နှောင့်ယှက်ပစ်ခတ်မှုနှင့် မိုင်းထောင်မှုမှာ လျော့နည်းသွားခြင်းမရှိ၍ လွယ်မူပလောမှ ခေးပူအထိ ဆက်သွယ်ရေး လမ်းကြောင်းအဟောင်း ဖောက်လုပ်နေသော စက်ယန္တရားများလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်ရာတွင် နယ်မြေခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် စိုးရိမ်မှုများ ပိုမိုမြင့်မားလာခြင်းနှင့် နားလည်မှု၊ အထင်အမြင်လွဲမှားမှုမှတစ်ဆင့် ယခုကဲ့သို့ အောက်ခြေအဆင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်တပ်များ ယုံကြည်မှုလျော့နည်းခြင်း၊ စိုးရိမ်စိတ်ကြီးမားမှုများ ပိုမိုဖြစ်ပေါ်လာခြင်းတို့ကြောင့် ပစ်ခတ်မှုများအားဖြေရှင်းရန် JMC- S ၊ JMC- U များတွင် ဆွေးနွေးခြင်းနှင့် နှစ်ဖက် နယ်မြေခံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းသဘောတူခဲ့သော်လည်း ချိန်းဆိုသည့် အချိန်နီးကပ်မှသာ အဓိကနယ်မြေခံ ခေါင်းဆောင်မှာ ကျန်းမာရေးအကြောင်း ပြချက်ဖြင့် မတက်ရောက်နိုင်ဘဲ ကျန်ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် စေလွှတ်လာသဖြင့် တပ်မတော်အနေဖြင့် အဓိကစိုးရိမ်စိတ် ကြီးမားနေသည့် နယ်မြေခံခေါင်းဆောင်နှင့် တိုက်ရိုက်ဆွေးနွေးနိုင်ရန် ပြန်လည်ချိန်းဆိုခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent