ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင် ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင် ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှု
Published 12 April 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကူတူပါလောင် ဘင်္ဂါလီဒုက္ခသည်စခန်းတွင် တွေ့ဆုံမှုပြုလုပ်နေသည်ကို တွေ့ရစဉ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည် စခန်းများကို ဧပြီ ၁၁ ရက်က သွားရောက်ကြည့်ရှုခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြခဲ့သည်။

သတင်းတွင်ဖော်ပြမှုအရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအနေဖြင့် ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း ကော့ဘဇားနယ်စပ်မြို့အနီးရှိ ကူတူပါလောင် ဘင်္ဂါလီဒုက္ခသည်စခန်းကို သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လက မြန်မာနယ်ခြားစောင့်စခန်းများကို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်က တန်ပြန်စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ဘင်္ဂါလီခုနစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပြီးနောက် မြန်မာအစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးက ဘင်္ဂါလီ ဒုက္ခသည်စခန်းများကို ပထမဆုံးလာရောက် ကြည့်ရှုခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဘင်္ဂါလီဒုက္ခသည်စခန်းမှ တာဝန်ရှိများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒေသခံရဲချုပ် အာဘူလ်ခါက AFP သတင်းဌာနကို ပြောဆိုခဲ့ပြီး၊ အဆိုပါဆွေးနွေးမှုများတွင် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါဒုက္ခသည်စခန်းများမှ ဘင်္ဂါလီခေါင်းဆောင်များက ပြည်ထောင်စုဝန်ကြီးနှင့် လူပုဂ္ဂိုလ်ချင်း တွေ့ဆုံခွင့်ရသည့် အခွင့်အရေး ရရှိခြင်းကိုကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟီဘူလာကလည်း ဝန်ကြီးနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံခွင့်ရလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

သတင်းရင်းမြစ်များ၏အဆိုအရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအနေဖြင့် ကူတူပါလောင် ဘင်္ဂါလီဒုက္ခသည် စခန်းရှိ ဘင်္ဂါလီခေါင်းဆောင် ၄၀ ခန့်ဖြင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်းလည်း AFP သတင်းတွင် ဖော်ပြခဲ့သည်။

ယခု ဘင်္ဂလားဒေ့ရှ်ခရီးစဉ်နှင့်ပတ်သက်ပြီး ဒေါက်တာဝင်းမြတ်အေး၏ Facebook စာမျက်နှာတွင်ဖော်ပြမှုအရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းအသိပေးရန် ၎င်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧပြီ ၁၀ ရက်က  ထွက်ခွာခဲ့ကြောင်း သိရသည်။

ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဒေါက်တာလှထွန်း၊ ဦးသန်းလွင်နှင့် ဦးတင်မြင့်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဥက္ကဋ္ဌ Dr.Surakiart Sathirathai တို့ လိုက်ပါခဲ့ကြောင်း သိရသည်။

Most Read

Most Recent