ပထမဆုံး မော်လမြိုင်လမ်းလျှောက် သြင်္ကန်ကို ကမ်းနားလမ်းတွင် သုံးရက်ကျင်းပမည်

ပထမဆုံး မော်လမြိုင်လမ်းလျှောက် သြင်္ကန်ကို ကမ်းနားလမ်းတွင် သုံးရက်ကျင်းပမည်
Published 12 April 2018

မွန်ပြည်နယ်တွင် ပထမဆုံးမော်လမြိုင် လမ်းလျှောက်သြင်္ကန်ကို ယခုနှစ် မဟာသြင်္ကန်ကာလတွင် သုံးရက်(အကျ၊ အကြတ်၊ အတက်) မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ ကမ်းနားလမ်း မင်္ဂလာအဆင့်မြင့်ဘုရင့်ရုံ လမ်းထောင့်မှ ထားဝယ်တံတားထိ ကျင်းပမည်ဖြစ်ပြီး ယင်းလမ်းအတွင်း ဗဟိုမဏ္ဍပ်၏ သီဆို၊ ကပြဖျော်ဖြေမှု၊ စတုဒိသာကျွေးမွေးခြင်း၊ ရေပက်ကစားခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်သည့် သြင်္ကန်အစည်းအဝေးကို ဧပြီ ၁၁ ရက်က ဆုံးဖြတ်ကြောင်း သိရသည်။

မော်လမြိုင်ကမ်းနားလမ်း၏ မြောက်ဘက် အတ္ထရံဟိုတယ်လမ်းမှ မြို့တောင်ဘက် ကျောက်မီးသွေးရုံလမ်းနှင့် သိပ္ပံကျောင်းလမ်းကို ဗဟိုပြုကာ တစ်လမ်းမောင်းပြုလုပ်ထားပြီး လမ်းများ၏အစတွင် လမ်းကြောင်းအမှတ်အသား၊ သတိပေးချက်၊ ယာဉ်တားတို့ကို ချထားမည်ဖြစ်ရာ ယာဉ်ကြောမပိတ်ဆို့ရန်နှင့် အန္တရာယ်ကင်းရန်၊ အချက်ပြအမှတ်အသားများအတိုင်း လိုက်နာကြရန် လိုအပ်ကြောင်း ဝန်ကြီးဗိုလ်မှူးကြီး ဝန်းနိုင်ဦးက ဆိုသည်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံက မွန်ပြည်နယ်၏ ဓလေ့အရ သြင်္ကန်ကာလ ငါး၊ ခြောက်ရက်ကြာရာ သြင်္ကန်ကာလတွင် အသောက်အစား အပျော်ကျူးမှုများကို စည်းကမ်းတကျ ဖြစ်စေရန် လုပ်ဆောင်နေကြသော လုံခြုံရေး၊ အုပ်ချုပ်ရေး တာဝန်ရှိသူများသည် အလျှော့ပေးမှုမရှိဘဲ ရဲရဲဝင့်ဝင့်၊ မြန်မြန်ထက်ထက် တာဝန်များကို ဥပဒေအရ ဆောင်ရွက်ကြရန်၊ ယင်းတို့၏နောက်တွင် မားမားမတ်မတ် ရပ်တည်ကာလုံးဝတာဝန်ယူကြောင်း၊ အထူးသဖြင့် မော်လမြိုင်၊ ရိုးဂိုးသြင်္ကန်တို့ကို အထူးကြပ်မတ်ဆောင်ရွက်ရန်၊ ကမ်းနားလမ်းကို ဆိုင်ကယ်ဝင်ခွင့်ကန့်သတ်ထားမှ လမ်းလျှောက်သြင်္ကန်အောင်မြင်မည်ဖြစ်ကြောင်း၊ လူလာများသည့် ကျိုက်ထီးရိုးဘုရားဒေသနှင့် ကေလာသတောင်ကို ဂရုစိုက်ရန်လိုကြောင်း၊ အလားတူရေးမြို့နယ် ကဗျာဝ၊ သံဖြူဇရပ် စက်စဲ၊ ကျိုက္ခမီတို့ကိုလည်း အလေးထားရမည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent