မွန်ပြည်နယ်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် လက်ကျန်လုပ်ငန်း ၅၃ ခုတွင် ကြာအင်းဝန်ထမ်းအိမ်ရာ၊ ဒိုင်းဝန်းကွင်းဈေးသစ်နှင့် သံလွင်ဈေးငါးဒိုင် ပြောင်းရွှေ့တည်ဆောက်မှုပါဝင်ပြီး သတ်မှတ်ရက်ကျော်က ပေးလျော်ရမည်

မွန်ပြည်နယ်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် လက်ကျန်လုပ်ငန်း ၅၃ ခုတွင် ကြာအင်းဝန်ထမ်းအိမ်ရာ၊ ဒိုင်းဝန်းကွင်းဈေးသစ်နှင့် သံလွင်ဈေးငါးဒိုင် ပြောင်းရွှေ့တည်ဆောက်မှုပါဝင်ပြီး သတ်မှတ်ရက်ကျော်က ပေးလျော်ရမည်
Published 11 April 2018

မော်လမြိုင် ကြာအင်းကျေးရွာ ဗညားဒလ တန်ဖိုးသင့်အိမ်ရာလေးထပ်၊ လေးခန်းတွဲ တည်ဆောက်နေစဉ်

မွန်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ကျန်လုပ်ငန်း ၅၃ ခုတွင် ကြာအင်းဝန်ထမ်းအိမ်ရာ၊ ဒိုင်းဝန်းကွင်း သုံးထပ်ဈေးသစ်နှင့် သံလွင်ဈေးငါးဒိုင် ပြောင်းရွှေ့ တည်ဆောက်မှုလုပ်ငန်းများပါဝင်ပြီး ယခုနှစ် ဇွန် ၂၄ ရက်ထိ၊ ထပ်တိုးခွင့်ပြုထားပြီး ရက်လွန်ပါက စာချုပ်ပါအတိုင်း ပေးလျော်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

“ပုံမှန်ဘက်ဂျက်က ဧပြီ ၁ ရက်ကနေ မတ် ၃၁ ရက်ပါ၊ ပြီးခဲ့တဲ့ဘတ်ဂျက်က ကျန်ခဲ့တဲ့ လုပ်ငန်းကြီးကြီးမားမားတွေကတော့ ကြာအင်းရပ်က ဝန်ထမ်းအိမ်ရာ၊ ဒိုင်းဝန်းကွင်း ဈေးသစ်ကြီး၊ သံလွင်ဈေးကပြောင်းမဲ့ငါးဒိုင် ဈေးတည်ဆောက်မှုတွေကျန်ပါတယ်။ အသေးစိတ်ကတော့ (ရသုံး) ငွေစာရင်းမှာ မေးလိုက်ပါ၊ အဲဒါတွေကို ထပ်တိုးလုပ်ခွင့်ကို ဇွန် ၂၄ ရက်ထိ ပေးထားပါတယ်။ အဲဒီရက်မှာ မပြီးရင် စာချုပ်ပါတဲ့အတိုင်း လျော်ရပါမယ်” ဟု ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

ယင်းပေးလျော်မှုနှင့်ပတ်သက်၍ သံဖြူဇရပ်မြို့နယ်တွင် စာသင်ကျောင်းတည်ဆောက်ခွင့်ရရှိသည့် လုပ်ငန်းရှင်တစ်ဦးက မိမိတို့လုပ်ငန်းကို သတ်မှတ်ရက်တွင် ပြီးစီးသည့်အတွက် ငွေပေးလျော်မှုမရှိကြောင်း၊ အချို့လုပ်ငန်းများသည် ပစ္စည်းမှာယူရက် မရရှိ၍ စာချုပ်ပါရက်ထက် ကျော်လွန်မှုများရှိကြောင်း၊ ရက်ကျော်ပါက တစ်ရက်လျှင် လုပ်ငန်းတန်ဖိုးအလိုက် သတ်မှတ်ရာခိုင်နှုန်း၊ ဥပမာ ၀ ဒသမ ၀၁၅ ရာခိုင်နှုန်းကို နေ့စဉ်ပေးသွင်းမှုများရှိကြောင်း၊ ရက်ကျော်သူကို ဒဏ်ကြေး သတ်မှတ်သည့်နည်းတူ အချိန်မီပြီးစီးသူများကိုလည်း တင်ဒါဆွဲရာတွင် ဦးစားပေးသင့်ကြောင်း ပြောကြားသည်။

မွန်ပြည်နယ်တွင် ယခင်နှစ်ဘတ်ဂျက် နှစ်ကျော်ခဲ့သော တင်ပြခဲ့သည့်ဌာနရှစ်ခုတွင် ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ထားသည်မှာ ဇွန်၂၄ ရက်မတိုင်မီပြီးစီးမည့် လုပ်ငန်းများအတွက် နှစ်ကျော်သုံးစွဲခွင့်ရှိကြောင်း၊ ဌာနများမှာ အစိုးရအဖွဲ့ရုံး၊ မီးသတ်ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရသုံးမှန်းခြေ၊ မြို့ပြနှင့် အိမ်ရာအိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ စည်ပင်၊ အားကစားနှင့် ကာယပညာဌာနတို့ပါဝင်ပြီး၊ လုပ်ငန်းပေါင်း ၅၃ ခုပါဝင်ကာ ဘဏ္ဍာငွေအနေနှင့် ကျပ်သန်းပေါင်း ၅၆၉၉ ဒသမ ၃၃၉ ဖြစ်ကြောင်း၊ မွန်ပြည်နယ်ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနမှ သိရသည်။

Most Read

Most Recent