လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် ပါရှိသည့် စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀၀ ရှာဖွေဖော်ထုတ် ပေးနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် ပါရှိသည့် စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀၀ ရှာဖွေဖော်ထုတ် ပေးနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်
Published 11 April 2018

ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်အား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် ပါရှိသည့် စိုက်ပျိုးမြေ ဧရိယာ ဧက ၁၉၀၀ ရှာဖွေဖော်ထုတ် ပေးနိုင်ရေးအတွက် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧပြီ ၉ ရက်က ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် အစားထိုး မြေဧရိယာ ဧက ၁၉၀၀ ဖော်ထုတ်ပေးရေး အဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများအား ခေါ်ယူကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် မြေယာသိမ်းဆည်းခံ ဒေသခံ တစ်ဦးတစ်ယောက်မျှ ပါဝင်ခဲ့ခြင်း မရှိကြောင်း ဆက်လက် သိရသည်။

“အစားထိုးမြေဧက ၁၉၀၀ အတွက်ခေါ်ပြီး အစည်းအဝေးလုပ်တာ။ အောက်ခြေအထိဆင်းပြီး တောင်သူတွေရဲ့ သဘောထား မှတ်ချက်ကို မေးမြန်းပြီး ဆက်လက် အကောင်အထည်ဖော်ဖို့ ယာယီဆုံးဖြတ်ခဲ့တယ်။ အခြားဘာမှ ဆွေးနွေးတာမရှိဘူး။ အဓိကတော့ အစောကပြောခဲ့တဲ့ ကိစ္စပဲ ဆွေးနွေးခဲ့တာ။ ဒေသခံတွေကတော့ လောလောဆယ် မပါသေးဘူး။ ကျွန်တော်တို့ အုပ်ချုပ်ရေးအပိုင်းနဲ့ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးရေးအဖွဲ့နဲ့ပဲ အစည်းအဝေး ကျင်းပခဲ့တာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရ အဖွဲ့အစည်း မဟုတ်တဲ့ ကြားခံအဖွဲ့အစည်း တစ်ခုက စစ်တမ်းကောက်မယ်ထင်တယ်” ဟု ယင်းဆွေးနွေးပွဲ၌ တက်ရောက်ခဲ့သည့် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်တွင် တည်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာသိမ်းဆည်းခံ တောင်သူများအတွက် အစားထိုးမြေ ဧက ၁၉၀၀ ကို ကနီ၊ ယင်းမာပင်နှင့် ပုလဲမြို့တို့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က The Daily Eleven သတင်းစာသို့ ပြောကြားထားသည်။

ယခင်က မြေယာသိမ်းဆည်းခံ လက်ပံတောင်းတောင် ဒေသခံများအတွက် အစားထိုးမြေဧကများကို ဖော်ထုတ်ပေးခဲ့သော်လည်း ဝေးသည့်အတွက် မြေယာသိမ်းဆည်းခံ တောင်သူများက ဖော်ထုတ်ပေးထားသည့် အစားထိုး မြေယာများအား မကြိုက်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် မြေလွတ် မြေရိုင်းများအား စာရင်းကောက်ယူနေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“နဂိုတုန်းကတော့ ဖော်ထုတ်ထားတာ ရှိတယ်။ တောင်သူတွေက ဒီဥစ္စာကို မကြိုက်တာရယ်၊ ဝေးတာရယ် အဲဒီလို ဖြစ်နေတယ်။ ကျွန်တော်တို့ ဒီဟာကို ကော်မတီဖွဲ့ပြီးတော့ ဒီအနီးအနားမှာရှိတဲ့ မြေလွတ်မြေရိုင်းတွေ ကို ကျွန်တော်တို့က စိစစ်နေတယ်။ ကနီဘက်မှာရှိတဲ့ မြေလွတ်မြေရိုင်းတွေကို ကျွန်တော်တို့ အစိုးရအဖွဲ့က စာရင်းကောက်ယူနေတယ်။ အစိုးရအဖွဲ့ကလည်း ပြန်ပြီးသိမ်းယူနေတယ်။ အဲဒီကနေပြီးတော့ ကျွန်တော်တို့က မြေယာတွေကို ဖော်ထုတ်ပြီးတော့ တောင်သူတွေနဲ့ ညှိနှိုင်းပြီးပေးဖို့ ဒါပဲလုပ်နေတယ်။ လတ်တလောကတော့ ကွင်းဆင်းစစ်ဆေးစရာ မလိုဘူးလေ။ ထွေအုပ်ရယ်၊ မြေစာရင်းရယ်၊ ကိုယ်စားလှယ်တွေရယ် ကိုယ့်မြို့နယ်မှာရှိတဲ့ မြေလွတ်မြေရိုင်းတွေကို ပြန်လည်ဖော်ထုတ်ပြီးတော့ စာရင်းတွေ ကောက်ယူပါတယ်။ အဲဒါကတော့ ရှိတဲ့နေရာ ပေးရမှာပဲလေ။ လိုချင်တာ မလိုချင်တာကတော့ တောင်သူတွေ အပေါ်မှာ မူတည်တယ်။ ကနီမြို့နယ်ရယ်၊ ယင်းမာပင်မြို့နယ်ရယ်၊ ပုလဲမြို့နယ် သူတို့ အဆင်ပြေမယ့်နေရာကို ပေးသွားမှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ဆိုသည်။

သက်ဆိုင်ရာဌာနများမှ တိုင်းညွှန်ကြားရေးမှူးအဆင့် ရှိသူများ အပါအဝင် ၁၀ ဦးကို စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀၀ ရှာဖွေဖော် ထုတ်ပေးရေး ကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent