Asia World ဖောင်ဒေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီ ၂၀ တို့က ကျပ် ၂၂ ဘီလျံကျော် ကုန်ကျမည့် အငူမော်- မောင်တော ကွန်ကရစ်လမ်းမကြီး ၂၀၂၀ ပြည့်နှစ်တွင် အပြီးဖောက်လုပ်မည်

Asia World ဖောင်ဒေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီ ၂၀ တို့က ကျပ် ၂၂ ဘီလျံကျော် ကုန်ကျမည့် အငူမော်- မောင်တော ကွန်ကရစ်လမ်းမကြီး ၂၀၂၀ ပြည့်နှစ်တွင် အပြီးဖောက်လုပ်မည်
Published 11 April 2018

Asia World ဖောင်ဒေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီ ၂၀ တို့က ကျပ် ၂၂ ဘီလျံကျော် ကုန်ကျမည့် အငူမော်-မောင်တော ကွန်ကရစ်လမ်းမကြီး ဖောက်လုပ်နေသည်ကို တွေ့ရစဉ် (Photo : Asia World Foundation)

Asia World ဖောင်ဒေးရှင်းနှင့်  မိတ်ဖက်ကုမ္ပဏီ ၂၀ တို့မှ ငွေကျပ် ၂၂ ဘီလျံကျော် အကုန်ကျခံ ဖောက်လုပ်သည့် အငူမော်- မောင်တော ကွန်ကရစ်လမ်းမကြီး ၂၀၂၀  ပြည့်နှစ် ပွင့်လင်းရာသီတွင် အပြီးဖောက်လုပ်မည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စီပွားရေး၊ လူမှုရေးနှင့် ကဏ္ဍများစွာအတွက် အရေးပါသော လမ်းတစ်ခုဖြစ်သည့် အငူမော်- မောင်တော ကွန်ကရစ်လမ်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှစတင်ကာ ဆောက်လုပ်လျက်ရှိပြီး လက်ရှိတွင် ၂၀ ကီလိုမီတာကျော် ပြီးစီးနေပြီ ဖြစ်ကာ ယခုနှစ်မိုးမကျမီ ကာလအတွင်း ကီလိုမီတာ ၃၀ ခန့်အထိ အပြီးဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း၊ ယင်းလမ်းအတွက် ကုန်ကျငွေများကို နိုင်ငံတော်မှ ရယူခြင်းမဟုတ်ဘဲ ကုမ္ပဏီ ၂၀ တို့မှ ကုန်ကျခံကာ ဖောက်လုပ်ပေးခြင်းဖြစ်ကာ အကျိုးအမြတ်အတွက် မဟုတ်ဘဲ အကူအညီပေးခြင်းသာ ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး Asia World Company Limited မှ ပရောဂျက်ဒါရိုက်တာ (မြို့ပြအင်ဂျင်နီယာ) ဦးနေလင်းက “အငူမော်ကနေ မောင်တောအထိ ကီလိုမီတာ ၈၀ လောက်ရှိတယ်။ အခုကီလိုမီတာ ၂၀ ကျော်အထိ ပြီးစီးနေပြီဖြစ်တယ်။ ဒီနှစ်မိုးမကျမီ ကာလမှာ ကီလိုမီတာ ၃၀ အထိပြီးအောင် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အောက်ခံပေ ၂၀၊ ၆လက်မဒုခင်းတယ်။ အဲဒီအထက်မှာ ၁၈ ပေအကျယ် ကိုးလက်မထုခင်းပါတယ်။ လမ်းအကျယ်က ပေ ၁၀ ပေါ့။ ဖောင်ဒေးရှင်း အနေနဲ့ လှူဒါန်းတဲ့အနေနဲ့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အမြတ်အစွန်းရဖို့ လုပ်တာ မဟုတ်ပါဘူး။ အလှူလုပ်တာပါ။ စီးပွားရေးအ နေနဲ့လုပ်တာမဟုတ်ပါဘူး။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ဒီလုပ်ငန်းကို လုပ်ပေး စေချင်တယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေအ နေနဲ့ လုပ်ပေးနိုင်တယ်ဆိုတဲ့လုပ်ငန်းကို ပြ သလိုက်တာဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံသားက ပြည်ပအကူအညီမလိုဘဲ လုပ်နိုင်တယ် ဆိုတာကိုလည်း ပြတာဖြစ်ပါတယ်။ ကုန်ကျမှုကတော့ ၂၂ ဘီလျံကျော်လောက်ကုန်မှာ ဖြစ်ပေမယ့် လက်ရှိ အခြေအနေအရဆိုရင် ပိုကုန်မယ်လို့ ထင်ပါတယ်။ တံတားရဲ့ ပုံစံတွေကလည်း မရသေးပါဘူး။ ဒီလမ်းမှာ ရေပြွန်တွေ၊ ရေနုတ်မြောင်းတွေ လုပ်တာ၊ တံတားတွေဆောက်တာက နည်းနည်းကြာမယ်လို့ ယူဆတယ်။ လာမယ့် ၂၀၂၀ ပွင့်လင်းရာသီမှသာ အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အငူမော်-မောင်တော ကွန်ကရစ်လမ်းမကြီး တည်ဆောက်နေမှုကို တွေ့ရစဉ်

အဆိုပါလမ်းတွင် ၁၀ ပေရေပြွန်များ ထည်သွင်းသွားမည်ဖြစ်ကာ ၁၀ ပေအထက် မှာ ပေ ၂၂၀ အထိရှည်သော တံတားများပါဝင်ပြီး ရေပြွန်နှင့် တံတားပေါင်း ၈၅ ခုပါဝင်မည်ဖြစ်ကြောင်း၊ လက်ရှိလုပ်ဆောင်နေသော ကုမ္ပဏီများနည်းတူ အခြားသော ပြည်တွင်း ပြည်ပမှ ကုမ္ပဏီများကလည်း လာရောက်လုပ်ဆောင် ပေးစေလိုကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ သိရသလောက်တော့ မိုင် ၅၀ လောက်ကို လေးနာရီလောက် သွားရတယ်ဆိုတော့ ဒီဒေသရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပတ်သက်လာလို့ရှိရင် ဒီလမ်းဟာ နံပါတ်တစ် ဆက်သွယ်ရေးအရ ချောမွေ့ဖို့လိုတယ်။ နံပါတ်နှစ်က ကျန်းမာရေးအတွက် အချိန်တိုတိုနဲ့ စစ်တွေကိုရောက်နိုင်တယ်။ ပညာရေးကိစ္စနဲ့ လူမှုရေးကိစ္စတွေမှာလည်း အမြန်ဆုံး ကူးလူးဆက်သွယ်နိုင်တဲ့လမ်း ဖြစ်တယ်။ ဒီလမ်းဖောက်လုပ်ပြီးသွားရင် ဒေသရဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ဖန်တီးပေးနိုင်မယ်လို့ မြင်တယ်။ ဒါကြောင့် ဒီလမ်းကို ရွေးချယ်ပြီး တည်ဆောက်ရခြင်း ဖြစ်ပါတယ်။ ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဝိုင်းဝန်းဖြည့်ဆည်းပေးတာပဲ ရှိပါတယ်။ အလုပ်လုပ်တဲ့ အခါမှာလည်း ဒီမှာလုပ်ရတာက ကုန်ကြမ်းရှားပါးမှုရှိတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်တွေကလည်း မူလခန့်မှန်းတာထက် ပိုကုန်လာတယ်။ တခြားဒေသက ကျွမ်းကျင်အလုပ်သမားတွေ ခေါ်လာရတော့ နေထိုင်ရေးနဲ့ စားသောက်ရေး အတွက်လည်း ပိုကုန်လာတယ်။ အဲဒီလိုမျိုးတွေပေါ့။ နောက်ပြီး အခု ကျွန်တော်တို့ လုပ်သလိုမျိုး တခြားစီးပွားသမားတွေလည်း လာပြီးတော့ လုပ်စေချင်တယ်။ ဒီလုပ်ငန်းမှာပဲ အပိုင်းလိုက် လုပ်ချင်တယ် ဆိုရင်လည်း လာရောက်ပူးပေါင်းပြီး လုပ်ပေးမယ် ဆိုရင်လည်း ကြိုဆိုပါတယ်။ တံတားတစ်စင်း၊ ရေပြွန်တစ်ခုလိုမျိုး လာရောက်လုပ်ပေးမယ် ဆိုရင်လည်း ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားသည်။

အငူမော်- မောင်တောလမ်းသည် စစ်တွေနှင့် ဆက်သွယ်ရန်အတွက် အရေးပါလှပြီး စစ်တွေမြို့နယ် ရေချမ်းပြင်မှ အငူမော်ကမ်းသို့ ဇက်နှင့် ကူးရုံဖြင့် မောင်တောသို့ ကားဖြင့် သွားလာနိုင်မည်ဖြစ်ကာ ယခုအခါတွင် ယင်းလမ်းမှ သွားလာသူ ပိုမိုများပြားလာပြီဖြစ်ကြောင်း၊ အငူမော်မှ မောင်တောသို့ နှစ်နာရီဖြင့် ရောက်ရှိနိုင်သောလမ်း ဖြစ်သည့်အပြင် ကျေးရွာပေါင်း မြောက်မြားစွာကိုလည်း ဖြတ်သန်းထားသော လမ်းဖြစ်သဖြင့် လွန်စွာအရေးပါသော လမ်းဖြစ်ကြောင်း သိရသည်။