ဂန့်ဂေါမြို့နှင့် မြစ်သာမြစ် အနောက်ဘက်ကျေးရွာများကို ကားဖြင့်ဆက်သွယ်သွားလာနိုင်မည့် မြစ်သာမြစ်ကူးတံတား တည်ဆောက်ခြင်းလုပ်ငန်း ဇူလိုင်လကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရ

ဂန့်ဂေါမြို့နှင့် မြစ်သာမြစ် အနောက်ဘက်ကျေးရွာများကို ကားဖြင့်ဆက်သွယ်သွားလာနိုင်မည့် မြစ်သာမြစ်ကူးတံတား တည်ဆောက်ခြင်းလုပ်ငန်း ဇူလိုင်လကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရ
Published 11 April 2018

မြစ်သာမြစ်ကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းအား တွေ့ရစဉ်

ဂန့်ဂေါမြို့နှင့် မြစ်သာမြစ်အနောက် ဘက်ကျေးရွာများအား ကားဖြင့်ဆက်သွယ် သွားလာနိုင်မည့် မြစ်သာမြစ်ကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများ လာမည့်ဇူလိုင်လကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း ဂန့်ဂေါမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ကျပ်သန်း ၃၀၀၀ ကျော် ကုန်ကျမည့် အဆိုပါ မြစ်သာမြစ်ကူးတံတားကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မူလက ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှသာ ပြီးစီးနိုင်မည်ဟု ခန့်မှန်းခဲ့သော်လည်း လက်ရှိလုပ်ငန်းပြီးစီးမှုအရ သတ်မှတ်ကာလမတိုင်မီ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ သွားရောက် စစ်ဆေးကြည့် ရှုတဲ့အခါ အောက်ခြေတိုင်တွေအားလုံး ပြီးသွားလို့ အခု ရက်မတန်းတွေ တင်နေပြီ။ တံတားဆိုက်တာဝန်ခံ အင်ဂျင်နီယာနဲ့ တွေ့ဆုံမေးမြန်းချက်အရ ဇူလိုင်လကုန်ပိုင်းမှာ လုပ်ငန်းအဆုံးသတ်နိုင်မယ်လို့ သိရတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာပြီးတဲ့အချိန်မှာ ဂန့်ဂေါမြို့ မြို့ပြစီမံကိန်းအတွက် တိုင်းအင်ဂျင်နီယာအဖွဲ့တွေ့ လာရောက်လေ့လာဆန်းစစ်မှုတွေ လုပ်ခဲ့တယ်။ မြို့ထပ်ချဲ့ဖို့နဲ့ တိုးပွားလာတဲ့ လူဦးရေအခြေအနေအရ ဘာတွေဆက်လုပ်မယ်ဆိုတာတွေကို လေ့လာဆန်းစစ်တာပါ။ မြို့ထပ်ချဲ့ဖို့အတွက် မြစ်သာမြစ်အနောက် ဘက်ခြမ်းမှာရှိတဲ့ရွာတွေကို မြို့မြေအဖြစ် သတ်မှတ်မယ့် အစီအစဉ်လည်း ပါပါတယ်။ မြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ အနောက်ဂန့်ဂေါအပါအဝင် ရွာငါးရွာနဲ့ ဂန့်ဂေါမြို့နဲ့ တစ်ဆက်တည်းဖြစ်သွားအောင် ဒီတံတားကို ဆောက်တာပါ။ ဒီတံတားကြောင့် မြစ်အနောက်ဘက်ခြမ်း ဒေသခံတွေအတွက် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးတွေ တိုးတက်လာမှာပါ” ဟု ဂန့်ဂေါမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောကြားသည်။

ဂန့်ဂေါမြို့နှင့် မြစ်သာမြစ်အနောက် ဘက်ခြမ်းရှိ ကျေးရွာများအား ဆက်သွယ်မည့် မြစ်သာမြစ်ကူး သံကူကွန်ကရစ်တံတားမှာ အရှည် ၂၄၀ မီတာရှိသည့် နှစ်လမ်းသွား တံတားဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ (၃)မှ တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့ပေါ် ရပ်ကွက်များနှင့် မြစ်အနောက်ဘက်ခြမ်း ကျေးရွာများအား ဆက်သွယ်ပေးမည့် မြစ်သာမြစ်ကူးတံတားအတွက် တိုင်းဒေသကြီး အစိုးရရန်ပုံငွေမှ ငွေကျပ် ၂၂၆၃ သန်းချထားပေးပြီး ကျန်ငွေကျပ် ၇၃၇ ဒသမ ၀၈ သန်းအား ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် ထပ်မံချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့ပေါ်နှင့် အနောက်ဂန့်ဂေါ ဘက်ခြမ်းရှိ ကျေးရွာများအား လက်ရှိတွင်ကြိုး တံတားဖြင့်သာ သွားလာနေရသည့်အတွက် ကားများဖြင့် ဆက်သွယ်သွားလာမှုမလုပ်နိုင်သေးဘဲ ကျန်းမာရေးကိစ္စများ၊ စီးပွားရေး လုပ်ငန်းသုံးပစ္စည်းများနှင့် လူမှုရေးကိစ္စရပ်များအတွက် သွားလာသယ်ယူရာတွင် ခက်ခဲကြောင်း သိရသည်။

“အရင်တုန်းက လူမှုရေး၊ စီးပွားရေးအတွက် ဂန့်ဂေါမြို့ပေါ်ကို လာမယ်ဆိုရင် မြစ်အနောက်ဘက်ခြမ်းက ဒေသခံတွေက လှေတွေနဲ့ ဖြတ်လာရတယ်။ ကုန်ပို့ဖို့ဆိုရင် လှေပဲအားကိုးရတယ်။ အဲဒီတော့ မြစ်အနောက်ဘက် ဒေသခံတွေမှာ အသုံးအဆောင်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဈေးကြီးတဲ့ဒဏ်ခံရတယ်။ တံတားပြီးရင် ကုန်တွေကိုကားနဲ့ သယ်နိုင်ပြီ။ တံတားပြီးရင် လူမှုရေး၊ စီးပွားရေး ထိုက်သင့်သလောက် ပြောင်းလဲလာမှာပါ” ဟု ဂန့်ဂေါမြို့ခံတစ်ဦးက ပြောကြားသည်။

ယခုတည်ဆောက်နေသည့် သံကူကွန်ကရစ် တံတားပြီးစီးသွားပါက လက်ရှိအသုံးပြုနေသည့် မြစ်သာမြစ်ကူး ကြိုးတံတားကို ပြန်လည်ဖြုတ်သိမ်းမည်ဖြစ်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ ပါဝင်ကြီးကြပ်နေကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသည့် မြစ်သာမြစ် ကူးကြိုးတံတားမှာ တတိယမြောက် တည်ဆောက်ထားသည့် ကြိုးတံတားဖြစ်ပြီး ယခင်ကြိုးတံတားမှာ မြစ်သာမြစ်ရေလျှံမှုဖြစ်စဉ်များတွင် မျောပါပျက်စီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent