နောက်နှစ်ရက်အတွင်း နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုတွင် နေ့အပူချိန်များ တိုးလာနိုင်

နောက်နှစ်ရက်အတွင်း နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုတွင် နေ့အပူချိန်များ တိုးလာနိုင်
Published 11 April 2018

အပူချိန် မြင့်မားသည့် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့တွင်း သွားလာနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

နောက်နှစ်ရက်အတွင်း နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုတွင် နေ့အပူချိန်များ တိုးလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦး စီးဌာန၏ ဧပြီ ၁၀ ရက် မိုးလေဝသ ထုတ်ပြန်ချက်တွင် ကယားပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာ ကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

နေ့အပူချိန်များ အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့အောက် ၃ ဒီဂရီ စင်တီဂရိတ်မှ  ၄ ဒီဂရီ စင်တီဂရိတ်အထိနှင့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့အောက် ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

ထူးခြားသည့် နေ့အပူချိန်များ အနေဖြင့် ချောက်မြို့နှင့် ဘော်လခဲမြို့တို့တွင် ၄၀ ဒီဂရီ စင်တီဂရိတ်စီ၊ တောင်ငူမြို့၊ ညောင်လေးပင်မြို့နှင့် မော်လမြိုင်မြို့တို့တွင် ၃၉ ဒီဂရီ စင်တီဂရိတ်စီတို့ ဖြစ်ကြောင်း၊ မှတ်သားဖွယ် ရာ မိုးရေချိန်များသည် ထီးလင်းမြို့တွင် ၁ ဒသမ ၂၁ လက်မ၊ ဘော်လခဲမြို့တွင်  ၀ ဒသမ ၃၂ လက်မ၊ ပခုက္ကူမြို့တွင် ၀ ဒသမ ၂၇ လက်မ၊ ဟုမ္မလင်းမြို့တွင် ၀ ဒသမ ၂၄ လက်မ နှင့် ကော့သောင်းမြို့တွင်  ၀ ဒသမ ၁၂ လက်မ စီရွာသွန်းခဲ့ကြောင်း သိရသည်။

ယင်းအပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း ဧပြီ ၁၁ ရက် မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု သိရသည်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ဒုတိယ ၁၀ ရက်ပတ် မြစ်ရေခန့်မှန်းချက် အနေဖြင့် ဧရာဝတီမြစ်ရေသည် ဧပြီလ ဒုတိယ ၁၀ ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာ မြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၃ ပေမှ ၄ပေ ခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူး မြို့နှင့် မကွေးမြို့တို့တွင် တစ်ပေမှ နှစ်ပေခန့် မြင့်တက်လာနိုင်ပြီး အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့်  ဇလွန်မြို့တို့တွင် ပေဝက်ခန့် ကျဆင်းလာနိုင်ကြောင်း၊ ချင်း တွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၂ ပေမှ ၃ ပေခန့်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် ပေဝက်မှ တစ်ပေခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။

Most Read

Most Recent