အမျိုးသားကျန်းမာရေး စီမံကိန်း ပထမအဆင့်တွင် ကျန်းမာရေး ကဏ္ဍအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆေးနှင့် ဆေးပစ္စည်းများကို ဦးစားပေး ဖြည့်တင်းနေ

အမျိုးသားကျန်းမာရေး စီမံကိန်း ပထမအဆင့်တွင် ကျန်းမာရေး ကဏ္ဍအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆေးနှင့် ဆေးပစ္စည်းများကို ဦးစားပေး ဖြည့်တင်းနေ
Published 11 April 2018

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အရိုးနှင့်ထိခိုက်ဒဏ်ရာကုဌာနအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ပထမအဆင့်တွင် ကျန်းမာ ရေးကဏ္ဍအတွက် လိုအပ်သည့် အခြေခံအ ဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆေးနှင့် ဆေးပစ္စည်းများကိုဦးစားပေး ပြင်ဆင်ဖြည့်တင်း လုပ်ဆောင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိ ရ သည်။

အမျိုးသားကျန်းမာရေး စီမံကိန်း အတွက် နှစ်အလိုက် မြို့နယ်များ ဆောင်ရွက်ရာတွင်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြို့နယ် ၇၅ မြို့နယ်၊၂၀၁၈-၂၀၁၉ တွင် ၈၂ မြို့နယ်၊ ၂၀၁၉-၂၀၂၀ တွင် ၈၃ မြို့နယ်၊ ၂၀၂၀ -၂၀၂၁ တွင် ၈၈ မြို့နယ် စုစုပေါင်း မြို့နယ် ၃၂၈ မြို့နယ်တွင် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၅-၂၀၁၆ ခုနှစ်က ကောက်ယူခဲ့သော ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်များအရ ငါးနှစ်အောက်ကလေး သေဆုံးမှုသည် အရှင်မွေး ၁၀၀၀ တွင် ၅၀ သေဆုံးနေကြောင်း သိရှိရ၍ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သေဆုံးမှု မြင့်မားနေကြောင်း၊ ကလေးသေဆုံးမှု အခြေအနေအား ဆန်းစစ်ကြည့်သောအခါ ငါးနှစ်အောက်ကလေး သေဆုံးမှု၏ ၆၀ ရာခိုင်နှုန်းသည် မွေးကင်းစ ကလေးသေဆုံးမှုဖြစ်ပြီး မွေးပြီး ၂၄ နာရီအတွင်း သေဆုံးမှုသည် အများဆုံးဖြစ်သောကြောင့် မွေးကင်းစကလေး ကျန်းမာရေးကို အထူးအလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်မှာ မြို့နယ် ၇၀ ကျော်ကို ရွေးချယ်ပြီး ကျန်းမာရေးဌာနတွေအတွက် လိုအပ်တဲ့ ဆေးနဲ့ဆေးပစ္စည်းအပိုင်း၊ လည်ပတ်မှု မရှိသေးတဲ့ ကျေးလက်ကျန်းမာရေးဌာနနဲ့ ဌာနခွဲတွေကို ပြန်လည်တည်ဆောက်ရေးအပိုင်း၊  ပျက်စီးနေတဲ့ နေရာတွေကို ပြန်လည်ပြုပြင်ခြင်းအပိုင်းနဲ့ လိုအပ်တဲ့လူအင်အား ဖြည့်တင်းခြင်း အပိုင်းတွေကို လုပ်နေပါတယ်။ ဒီနှစ်အတွင်းမှာ ဒါတွေလုပ်ဖို့ စီမံထားပါတယ်။ ကျန်းမာရေးကဏ္ဍမှာ အဆင်သင့်ဖြစ်ဖို့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေ၊ ဆေးနဲ့ ဆေးပစ္စည်းတွေကို ဖြည့်တင်းပါတယ်။ အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) မှာ ဒီကဏ္ဍတွေကို ပြင်ဆင်ဖြည့်တင်းတဲ့ အလုပ်ကို အဓိကထား လုပ်ဆောင်နေပါတယ်” ဟု အမျိုးသား ကျန်းမာရေးစီမံကိန်း ရေးဆွဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် လက်ရှိတွင် အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၂) ကို အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိပြီး အဓိကပန်းတိုင်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးအတွက် အခြေခံအကျဆုံးသော မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှုများကို ငွေကြေးကုန်ကျမှု နည်းပါးစွာဖြင့် နေရာဒေသမရွေး ပေးစွမ်းနိုင်ရန် ဖြစ်ကြောင်းနှင့် စီမံကိန်းကို ဘဏ္ဍာနှစ်အလိုက် တစ်ဆင့်ချင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ယခုနှစ်အတွင်း မြို့နယ်ပေါင်း ၇၅ မြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများတွင် လိုအပ်သောဆေးဝါး၊ ဆေးပစ္စည်း၊ လူအင်အားနှင့် အဆောက်အအုံများကို ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။