<

နိုင်ငံတော်သမ္မတသစ်က အဂတိလိုက်စားမှုပပျောက်ရေး၊ မြေယာနှင့်ပတ်သက်သည့် ဖြေရှင်းမှုများကို အတတ်နိုင်ဆုံးလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

နိုင်ငံတော်သမ္မတသစ်က အဂတိလိုက်စားမှုပပျောက်ရေး၊ မြေယာနှင့်ပတ်သက်သည့် ဖြေရှင်းမှုများကို အတတ်နိုင်ဆုံး လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောကြားသည်။

ယခင်နှစ်နှစ်ဆက်တိုက် မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျင်းပမှုမရှိခဲ့ဘဲ ယခုနှစ်မကွေးသင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်အပါအ၀င် ဋ္ဌာနဆိုင်ရာနှင့် ပုဂ္ဂလိက မဏ္ဍပ်များ အများအပြားဖြင့် စည်ကားစွာ ကျင်းပရန်စီစဉ်နေသဖြင့် အဆိုပါအခြေအနေများနှင့်ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်တို့အား တွေ့ဆုံမေးမြန်းစဉ် နှစ်သစ်ဆုတောင်းစကားပြောကြားရာ၌ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့၊ မြေယာနဲ့ပတ်သက်တဲ့ဖြေရှင်းမှုတွေ အတတ်နိုင်ဆုံး နိုင်ငံတော်သမ္မတအသစ်ကလည်း လုပ်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ လာမယ့်နှစ်ဟာ အကောင်းဘက်ကို ဦးတည်တယ်လို့ မျှော်မှန်းပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောကြားသည်။

ထို့အတူ ပြီးခဲ့သည့်နှစ် နှစ်တာကာလတွင် တိုင်းဒေသကြီးအစိုးရနှင့် တိုင်းဒေသကြီးလွှတ်တော်တို့၏ အပြန်အလှန် ထိန်းကျောင်းမှုနှင့်ပတ်သက်၍ ဦးတာအား The Daily Eleven သတင်းစာက မေးမြန်းခဲ့ရာ “ရွေးကောက်ပွဲမှာလည်း အကုန်နိုင်ခဲ့တော့ လွှတ်တော်နဲ့အစိုးရက ဘာမှသိပ်ပြီး အခက်အခဲမရှိပါဘူး။ ထိန်းကျောင်းမှုကလည်း ကျွန်တော်တို့က အကြံဥာဏ်ပေးရင် အစိုးရကလည်း လိုက်နာပါတယ်။ အစိုးရက ချမှတ်ပေးတဲ့ စီမံကိန်းတွေလည်း ကျွန်တော်တို့က ညီညီမျှမျှ ဝေဖန်သုံးသပ်ပေးပြီး ဆောင်ရွက်တဲ့အခါမှာ ဘာမှ အခက်အခဲတွေ မရှိပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် မြန်မာ့ရိုးရာ နှစ်သစ်ကူးတွင် မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှလုံး ရွှင်ပြုံးချမ်းမြေ့စေကြောင်းနှင့် ကိုယ်ကျန်းမာ စိတ်ချမ်းသာစေကြောင်းကိုလည်း မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် ၀န်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုတို့ နှစ်ဦးစလုံးက ပြောကြားသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “မကွေးတိုင်းမှာရှိတဲ့ မိဘပြည်သူတွေ၊ ညီအစ်ကို မောင်နှမတွေရော တစ်တိုင်းပြည်လုံးမှာရှိတဲ့ မိဘပြည်သူ ညီအစ်ကိုမောင်နှမတွေ ဦးလေး ဒေါ်လေးတွေရော အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာနဲ့ နှစ်သစ်ကူးမယ့်အချိန်မှာ ဆင်းရဲခပ်သိမ်းအကြွင်းမဲ့ငြိမ်းမယ့် ၀ိပဿနာ အလုပ်အားထုတ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်” ဟု ပြောကြားသည်။

ပြည်သူများအတွက် နှစ်သစ်လက်ဆောင်ဟု တင်စားနိုင်မည့် ဆောင်ရွက်မှု အခြေအနေနှင့်ပတ်သက်၍ ဒေါက်တာအောင်မိုးညိုက ယခင်အစိုးရလက်ထက်မှ ပြန်ရခဲ့သည့် ငွေကျပ်သန်းပေါင်း သုံးထောင်ကျော်ထဲမှ မီးသတ်ကား ၂၃ စီး ၀ယ်ယူခြင်း၊ အမှိုက်သယ်ကား ၂၅ စီး ၀ယ်ယူခြင်းနှင့် ခရိုင်တစ်ခု တစ်စီးနှုန်းဖြင့် မိလ္လာစုပ်သည့်ကားများ ၀ယ်ယူခြင်း စသည်တို့သည် ပြည်သူလူထုအတွက်  ၀န်ဆောင်မှုပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ရှေ့ဆက်ပြီးတော့လည်း မကွေးတိုင်းဒေသကြီးမှာ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ ဘယ်လောက်အထိ ဆောင်ရွက်သလဲဆိုတာ ပြည်သူလူထု ဝေဖန်တဲ့အပေါ်မှာပဲ မူတည်တယ်။ စောင့်ကြည့်ပါ” ဟု ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

အလားတူ ဒေါက်တာအောင်မိုးညိုက ဧပြီ ၃ ရက်တွင် ၎င်းအသုံးပြုနေသော Aung Moe Nyo အမည်ဖြင့် Facebook စာမျက်နှာတွင် “နှစ်ကူးလက်ဆောင်၊ အတိတ်တဘောင် နိမိတ်ဆောင်ရလျှင် မီးသတ်ကားတွေရလို့ ပြည်တွင်းစစ်မီး ငြှိမ်းသတ်နိုင်ပါစေ။ အမှိုက်သိမ်း ဟိုက်ဒရောလစ်ကားတွေကြောင့် အရှုပ်ထုပ်တွေ ရှင်းနိုင်ပါစေ။ မိလ္လာကားတွေရတဲ့ သဘောကြောင့် နိုင်ငံတော်နဲ့ပတ်သက်လို့ ပြည်ပက မကောင်းသတင်းကျော်စောမှုတွေ၊ ချုပ်ငြိမ်းရုပ်သိမ်းနိုင်ပါစေ။ တပ်မတော်သားတွေအပါအ၀င် ဒို့ပြည်ထောင်စုသား အားလုံးအားလုံး ၀ိုင်းကြ၀န်းကြတာပေါ့” ဟု ရေးသားခဲ့သည်။

April 10, 2018














Copy Protected by Chetan's WP-Copyprotect.