ငြိမ်းချမ်းရေး၏ အစဖြစ်သည့် NCA ကို လက်မှတ်မထိုးကြသေးခြင်းမှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိခြင်းကြောင့်ဖြစ်ပြီး မိမိကိုယ်ကိုယ်ယုံကြည်ပါက တခြားသူအား ယုံကြည်နိုင်သည့်အင်အား ဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ငြိမ်းချမ်းရေး၏ အစဖြစ်သည့် NCA ကို လက်မှတ်မထိုးကြသေးခြင်းမှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိခြင်းကြောင့်ဖြစ်ပြီး မိမိကိုယ်ကိုယ်ယုံကြည်ပါက တခြားသူအား ယုံကြည်နိုင်သည့်အင်အား ဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 11 April 2018

ကျိုးပျက်ခဲ့သည့် မြောင်းမြကြိုးတံတားအား ဧပြီ ၁၀ ရက်ကနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

ငြိမ်းချမ်းရေး၏အစဖြစ်သည့် NCA ကို လက်မှတ်မထိုးကြသေးခြင်းမှာ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုမရှိခြင်းကြောင့်ဖြစ်ပြီး မိမိကိုယ်ကိုယ်ယုံကြည်ပါက တခြားသူအား ယုံကြည်နိုင်သည့် အင်အားဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၀ရက်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ပြုလုပ်ခဲ့သည့် ဒေသခံပြည်သူများစကားဝိုင်း (Peace Talk) ) ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စကားဝိုင်းတွင် အပြန်အလှန်ဆွေးနွေးမှုများအပြီး အွန်လိုင်းမှတစ်ဆင့် မေးမြန်းသည့် မေးခွန်းသုံးခုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

Myat Moe ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မေးခွန်းအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အဲဒီတော့ အခုဒီမှာ နောက်ဆုံးမေးခွန်းဟာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ဟုတ်တယ်။ ကျွန်မတို့ အစိုးရကတော့ ငြိမ်းချမ်းရေး လိုချင်ပါတယ်။ တပ်မတော်ကလည်း လိုချင်မယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လိုချင်မယ်။ စောစောက ပြောသွားသလိုပေါ့နော်၊ အထိခိုက်ဆုံးက တပ်မတော်သားတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက ရဲဘော်တွေဟာ အထိခိုက်ဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ သူတို့လည်း အထိခိုက်ခံချင်မှာ မဟုတ်ဘူး။ သူတို့ထဲက မိသားစုတွေကလည်း ကိုယ့်ရဲ့ သားတွေ၊ မောင်တွေ၊ အဖေတွေ၊ ခင်ပွန်းသည်တွေကို ဆုံးရှုံးချင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဘာဖြစ်လို့ သူတို့ ဒီငြိမ်းချမ်းရေးရဲ့ အစဖြစ်တဲ့ NCA ကို မထိုးကြသေးလဲဆိုတော့ တစ်ဖက်ကဆိုလို့ရှိရင် ကြည့်ရမယ်ဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိလို့ပဲ။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိဘူးဆိုတာ ကျွန်မပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင် တခြားလူကိုလည်း ယုံကြည်နိုင်တဲ့ အင်အားဖြစ်လာတယ်။ ပထမကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့လိုပါတယ်။ ငါဟာ ငြိမ်းချမ်းတဲ့လမ်းစဉ်နဲ့ ငါရဲ့ တိုင်းရင်းသားတွေအတွက်၊ ငါရဲ့အစုအဖွဲ့အတွက်လိုအပ်တဲ့ တိုးတက်မှုတွေကို လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာကို ယုံကြည်ဖို့လိုပါတယ်။ လက်နက်အားကိုးနဲ့မှ လုပ်နိုင်တာ မဟုတ်ဘူး။ ကိုယ့်ရဲ့ လုံ့လဝီရိယ၊ ကိုယ့်ရဲ့ စေတနာ၊ ပညာ၊ သတ္တိကို အခြေခံပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိမှ တခြားဘက်ကို ယုံယုံကြည်ကြည်နဲ့  စွန့်စားနိုင်မှာ။ ကျွန်မ ခဏခဏပြောတယ်။ ဘဝဆိုတာ  စွန့်စားခြင်းပဲ” ဟု ပြောကြားသည်။

ပြတ်ကျခဲ့သည့် မြောင်းမြတံတားနှင့် ပတ်သက်၍ ကြည့်ရှုရန်နှင့် ငြိမ်းချမ်းရေး စကားဝိုင်းပြုလုပ်ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ငြိမ်းချမ်းရေစကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ဒေါ်နမ့်ရီစိုင်းနာက နိုင်ငံတစ်နိုင်ငံအတွက် ငြိမ်းချမ်းရေးက အရေးကြီးကြောင်း၊ ငြိမ်းချမ်းမှသာ လူများ၏ဘ၀ ငြိမ်းချမ်းတိုးတက်မည်ဖြစ်ကြောင်း၊ စစ်မြေပြင် ယမ်းငွေ့များတွင် ပြေးလွှားနေရသည့် ဒုက္ခသည် ကလေးငယ်များ၊ အသက်ကြီးရွယ်အိုများရှိကြောင်း၊ စစ်ဒဏ်ကြောင့် မသေသင့်ဘဲ သေသွားသည့် ပြည်သူများစွာရှိကြောင်း၊ ပြည်သူများအနေဖြင့် စစ်ဖြစ်ပွားခြင်း၊ မငြိမ်းချမ်းခြင်းကို မလိုလားကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘယ်လိုမှခွဲ၍ မရကြောင်း၊ နိုင်ငံအနေဖြင့် စီးပွားရေးအရ၊ ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာမှ ပြည်သူလူထုအနေဖြင့် လုံခြုံမှုရှိမည်ဖြစ်ကြောင်း၊ စစ်ဖြစ်ပွားနေသည့်နေရာတွင် ရုပ် ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဆွေးနွေးခဲ့သည်။

အဆိုပါစကားဝိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးမရှိသည့်အခါတွင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ကြောင်း၊ တရားသူကြီးများအနေဖြင့် မှန်မှန်ကန်ကန် သုံးသပ်ရမည်ဖြစ်ကြောင်း၊ တရားမျှတမှုကို အကြင်နာတရားဖြင့် ထိန်းရမည်ဖြစ်ကြောင်း၊ တရားမျှတမှု၏ အဓိကရည်ရွယ်မှာ ရပ်ရွာတည်ငြိမ်အေးချမ်းရန်၊ လူအဖွဲ့အစည်းထဲတွင် သဟဇာတရှိရန်၊ ပြည်သူများ လုံခြုံရန်ဖြစ်ကြောင်း၊ တရားမျှတခြင်းဆိုသည်မှာ အင်မတန်မှ မြင့်မြတ်သည့် အတွေးအခေါ်ဖြစ်ကြောင်း၊ မြင့်မြတ်သည့် အတွေးအခေါ်နှင့်ကိုက်ညီရန် တရားရေးမဏ္ဍိုင်က စီမံခန့်ခွဲမှ နိုင်ငံအဆင်ပြေမည်ဖြစ်ကြောင်း၊ ငွေများ တရားရဆိုသည်မှာ တရားဥပဒေစိုးမိုးရေးနှင့်အင်မတန်မှ ဆန့်ကျင့်သည့် အတွေးအခေါ်အပြုအမူဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုကဲ့သို့ အလားတူ စကားဝိုင်းဆွေးနွေးပွဲများကို နေပြည်တော်၊ ရှမ်းပြည်နယ် ပင်လုံမြို့၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ၊ ကယားပြည်နယ် လွိုင်ကော်မြို့စသည့်နေရာများတွင် ပြုလုပ်ထားသည်။

Most Read

Most Recent