အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌမှစ၍ ဝန်ထမ်းအားလုံး ကော်မရှင်၏ရည်မှန်းချက်နှင့် ဂုဏ်သိက္ခာထိခိုက်စေမည့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရေး COC တွင် ထည့်သွင်းရေးဆွဲထား

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌမှစ၍ ဝန်ထမ်းအားလုံး ကော်မရှင်၏ရည်မှန်းချက်နှင့် ဂုဏ်သိက္ခာထိခိုက်စေမည့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရေး COC တွင် ထည့်သွင်းရေးဆွဲထား
Published 11 April 2018

ဧပြီ ၁၀ ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ကျင့်ဝတ်ရေးဆွဲသည့် စာအုပ်နှင့်ပတ်သက်၍ ဆွေးနွေးပွဲအခမ်းအနားကို တွေ့ရစဉ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌမှစ၍ ဝန်ထမ်းများအားလုံး ကော်မရှင်၏ ရည်မှန်းချက်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေမည့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရေး COC (Code of Conduct) တွင် ထည့်သွင်းရေးဆွဲ ထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားသည်။

ဧပြီ ၁၀ ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ကျင့်ဝတ်ရေးဆွဲသည့် စာအုပ်နှင့်ပတ်သက်၍ ဆွေးနွေးပွဲအခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကော်မရှင်မှာလုပ်တဲ့သူရဲ့  နောက်ကွယ်အဆက်အသွယ်က ကော်မရှင်လုပ်ငန်းနဲ့ ရည်မှန်းချက်တွေကို ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မယ့် စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိရဲ့လား။ သူ့ရဲ့အကျိုးစီးပွားတွေပါနေတဲ့ ကုမ္ပဏီဟာ ဒီနေ့ အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ စစ်ဆေးခံနေတဲ့ ကုမ္ပဏီမှာ ရှယ်ယာတွေပါနေသလား စသည်ဖြင့်ပေါ့နော်။ အဲဒီလို အကျိုးစီးပွား ပဋိပက္ခတွေကို ဘယ်လိုရှောင်ရှားကြမလဲ။ ဘယ်လိုစဉ်းစားမလဲ။ ဒါတွေကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားထားပါတယ်” ဟု ဦးဇော်ဝင်းက ပြောကြားသည်။

ဆက်လက်၍ “ကော်မရှင်ဥက္ကဋ္ဌကအစ ဝန်ထမ်းတွေအဆုံး အားလုံးလိုက်နာဖို့ပုံစံနဲ့ ကျွန်တော်တို့ ရေးဆွဲထားတယ်ဆိုတာ တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့လူတွေကို ပိုမိုကောင်းမွန်တဲ့ အရည်အသွေးတွေရှိလာဖို့။ ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းကိုလျှောက်နိုင်ဖို့အတွက် Guide Line တစ်ခုဖြစ်ရပါမယ်။ ပြောရရင် ကြိုတင်ကာကွယ်ရေး Tool တစ်ခုလည်း ဖြစ်ပါတယ်။ လိုက်နာနိုင်ဖို့လည်း လိုပါတယ်။ အရမ်းကောင်းပြီး မလိုက်နာနိုင်ဘဲနဲ့ ဖိုင်တွဲဖို့ရေးတဲ့ COC ဖြစ်ဖို့ မသင့်ပါဘူး။ COC ဆိုတာနဲ့ (၁) အချက်က နိုင်ငံသားတို့က အစိုးရကိုယုံကြည်မှုတွေ တက်လာစေရမယ်။ (၂) ဂုဏ်သိက္ခာကို လေးစားတန် ဖိုးထားမှုတွေကို ပြနေရမယ်။ (၃) ပြည်သူ့ ဝန်ထမ်းပီသစွာ ပြုမူနေထိုင်နိုင်စေရန် အချက်နဲ့လည်း ပြည့်စုံရမယ်။ ဒီအချက်သုံးချက်နဲ့ ပြည့်စုံအောင် ကျွန်တော်တို့ စဉ်းစားထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ကော်မရှင်တွင်ရှိသည့် ရာထူးကိုအသုံးချပြီး နောက်ထပ် လုပ်ငန်းများရှာ ဖွေခြင်းမပြုရန်၊ ကော်မရှင်မှအနားယူပြီး ကော်မရှင်နှင့် အမှုစစ်ဆေးနေသည့်ကုမ္ပဏီတွင် သွားရောက်အလုပ်လုပ်ခြင်းနှင့် အလုပ် ထွက်ပြီးချိန်မှစ၍ မည်ကဲ့သို့ ပြုမူဆက်ဆံရမည်ဆိုသည့် အချက်များအား အခြေခံမူ ခြောက်ချက်အောက်တွင် လိုအပ်သလိုထည့် သွင်းစဉ်းစားကာ ဆောင်ရွက်ထားကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ဆိုသည်။

“ပြည်သူ့ဝန်ထမ်းထဲမှာမှ အများပြည်သူရဲ့ အကျိုးကိုစောင့်ကြည့်လေ့လာ အကာအကွယ်ပေးကြရတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကဲ့သို့ အဖွဲ့အစည်းတွေက အင်မတန်မှ အရေးပါပါတယ်။ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ကျွန်တော်တို့က စောင့်ကြည့်ထိန်းကျောင်းမယ့်အဖွဲ့ဟာ သူတို့ကို ဘယ်လိုစောင့်ကြည့်မလဲဆိုတဲ့အချက်က အင်မတန်မှ အရေးကြီးတာ ဖြစ်ပါတယ်။ အခြားသူတွေရဲ့ လုပ်မှုကိုင်မှုတွေကို စောင့်ကြည့်မယ့်သူဟာ အဲဒီစောင့်ကြည့်မယ့်သူကို ဘယ်သူက စောင့်ကြည့်မှာလဲ။ ဒါက အင်မတန်မှ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ရုံးဝန်ထမ်းတွေရဲ့ ရိုးသားမှု၊ ဖြောင့်မတ်မှုဟာ အလွန်မှအရေးကြီးပါတယ်။ ရိုးသားဖြောင့်မတ်မှုကိုလည်း ကျွန်တော်တို့က သေချာအောင်တော့ လုပ်ပေးရပါမယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ဆက်လက်ပြောကြားသည်။

အဆိုပါကျင့်ဝတ်စာအုပ်သည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင် အလွန်အရေးပါပြီး ယင်းစာအုပ်အား ၂၀၁၈ ခုနှစ် မတ်လမှ စတင်ရေးဆွဲကာ လာမည့်နှစ်လအတွင်း ထွက်ပေါ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က ပြောကြားသည်။

လက်ရှိအစိုးရလက်ထက်တွင် အသစ်ပြန်လည်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှစ၍ မတ် ၃၀ ရက်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာပေါင်း ၂၁၀၁ စောင်ရောက်ရှိခဲ့ပြီး ကော်မရှင်ဥပဒေဖြင့် အရေးယူနိုင်သည့် တိုင်ကြားစာ ၁၅ စောင်ရှိကာ လက်ရှိတွင် စိစစ်ဆဲအမှု ရှစ်စောင်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent