ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်၊ ရှေ့မဟာဗျူဟာ လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံဆွေးနွေး

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်၊ ရှေ့မဟာဗျူဟာ လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံဆွေးနွေး
Published 10 April 2018

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်၊ ရှေ့မဟာဗျူဟာလုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က The Daily Eleven သတင်းစာကို ပြောကြားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၉ ရက်မှစတင်၍ နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ပြုလုပ်လျက်ရှိသည်။

“ဒီနေ့ဆွေးနွေးတာတော့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ အဲဒါတွေဆွေးနွေးကြပါတယ်။ နောက် ရှေ့မဟာဗျူဟာလုပ်ငန်းစီမံချက် အဲဒါတွေလည်း ဆွေးနွေးပါတယ်”ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲအရာရှိများ စုစုပေါင်း ၁၅၀ ခန့်တက်ရောက်လျက်ရှိကြောင်း ဦးမြင့်နိုင်က ဆက်လက်ပြောကြားသည်။

“အန်ကယ်ကတော့ ဒီနေ့ မဟာဗျူဟာ စီမံကိန်းနဲ့ပတ်သက်တဲ့ ချရမယ့်လုပ်ငန်းစဉ်တွေနဲ့၊ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်းကာလ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ် အကျဉ်းချုပ်တွေကို ဆွေးနွေးခဲ့ပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း ပြောကြားထားသည်။

လက်ရှိလွှတ်တော် ကိုယ်စားလှယ်လစ်လပ်နေသည့် မဲဆန္ဒနယ်မှာ ၁၂ နေရာအထိရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၁) မူကြမ်းအား လေ့လာသုံးသပ်ခြင်းကို  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့် ရွေးကောက်ပွဲအရာရှိများ၊ International Fiundation for Electroal Systems (IFES) မှ တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပါမဟာဗျူဟာစီမံကိန်း (၂၀၁၈- ၂၀၂၁) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် IFES တို့ပူးပေါင်း၍ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး စီမံကိန်းတွင် အခန်း (၁၁) ခန်းပါရှိကြောင်း သိရသည်။

Most Read

Most Recent