မြန်မာနိုင်ငံမှ အခြေအနေရပ်များသည် ဘင်္ဂါလီမွတ်စလင်များပြန်လာရန် အထောက်အကူဖြစ်စေခြင်းမရှိဟု ကုလသမဂ္ဂ ပြောကြား

မြန်မာနိုင်ငံမှ အခြေအနေရပ်များသည် ဘင်္ဂါလီမွတ်စလင်များပြန်လာရန် အထောက်အကူဖြစ်စေခြင်းမရှိဟု ကုလသမဂ္ဂ ပြောကြား
Published 10 April 2018

အကျပ်အတည်းဖြစ်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အခြေအနေရပ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သော ဘင်္ဂါလီမွတ်စလင်များ ပြန်လာရန် အထောက်အကူဖြစ်စေခြင်းမရှိဟု ကုလသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦးက ဧပြီ ၈ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် မြန်မာနိုင်ငံကမူ ပြန်လာမည့်သူများအတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

သွေးထွက်သံယိုမှုများ ဖြစ်ပေါ်ခဲ့သည့် တပ်မတော်စစ်ဆင်ရေးတစ်ရပ်ကြောင့် သြဂုတ်လကတည်းက ထွက်ပြေးလာခဲ့သည့် ဘင်္ဂါလီမွတ်စလင်ပေါင်း ၇၀၀,၀၀၀ ခန့် ရှိသည်ဟုဆိုသည်။ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများသည် လူသတ်မှုများနှင့် မုဒိမ်းမှုများကို ကျူးလွန်ခဲ့ကြောင်းနှင့် ရွာများကို မီးရှို့ခဲ့ကြောင်း စွပ်စွဲမှုများရှိသည်။

ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော  မြန်မာနိုင်ငံမှ တပ်မတော်က စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ၎င်းတို့၏ စစ်ဆင်ရေးသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဒါဇင်ခန့်ကို သေဆုံးစေခဲ့သည့် သြဂုတ် ၂၅ ရက်က ဘင်္ဂါလီ မွတ်စလင်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဥပဒေ အရသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာလက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ဒုက္ခသည်များကို ပြန်လည်လက်ခံရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုအထိ ဒုက္ခသည်တစ်ဦးမျှ ပြန်လာခြင်း မရှိသေးပေ။

“အခုထိ မိမိသဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာနဲ့ ရေရှည်ခံမယ့် ပြန်လာခြင်းကို အထောက်အကူဖြစ်စေမယ့် အခြေအနေရပ်တွေ မရှိသေးပါဘူး” ဟု လူသားချင်း စာနာထောက်ထားမှုကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂရုံး လက်ထောက်အထွေထွေအတွင်းရေးမှူး အာဆူလာမူလာက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ ခရီးစဉ်အဆုံး ဧပြီ ၇ ရက်၌ အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားရာတွင် မူလာက မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်စွာသွားလာခွင့်၊ လူမှုရေးညီညွတ်မှု၊ အသက်မွေးဝမ်းကျောင်းမှုနှင့် ဝန်ဆောင်မှုများ ရရှိနိုင်မှုတို့နှင့်ပတ်သက်သော အရေးကြီးသည့် ကိစ္စရပ်များကို ရရှိအောင်ပြုလုပ်ပေးရမည်ဟု ဆိုသည်။

နှစ်ပေါင်းများစွာကြာအောင် နိုင်ငံမဲ့ မွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ပြီး ခရီးသွားလာခွင့်ကို ပြင်းထန်စွာထိန်းချုပ်မှုများ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် ရွေးချယ်ခွင့်ကို ကန့်သတ်ထားမှုများနှင့်အတူ တောင်အာဖရိက လူမျိုးရေး ခွဲခြားမှုကဲ့သို့သော အခြေအနေရပ်များ အောက်၌ အတင်းအဓမ္မ နေထိုင်စေခဲ့သည် ဟုဆိုသည်။

မြန်မာနိုင်ငံက ၎င်းတို့သည် ဘင်္ဂါလီ မွတ်စလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရန် အခြေခံဆောင်ရွက်ချက်များ ပြီးစီးပြီဖြစ်ကြောင်း အထပ်ထပ်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အဆင်သင့်ပါပဲ။ အဆောက်အအုံတွေကလည်း အဆင်သင့်ပါ။ ဆေးရုံတွေနဲ့ ဆေးခန်းတွေလည်း အဆင်သင့်ပါ” ဟု ရခိုင်ပြည်နယ်၌ ပြန်လည်အခြေချရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေသော အစိုးရက ကျောထောက်နောက်ခံပြုထားသည့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ အကြီးအကဲ ဦးအောင်ထွန်းသက်က လွန်ခဲ့သည့် သီတင်းပတ်အတွင်း အစိုးရမီဒီယာသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့လုပ်နိုင်တာကို လုပ်ခဲ့ပြီးပါပြီ။ သူတို့က ဘေးကင်းလုံခြုံမှု မရှိဘူးလို့ ခံစားရရင် ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိတော့ပါဘူး”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သူ၏ခရီးစဉ်အတွင်း မူလာသည် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များနှင့်လည်း စကားပြောဆိုမှု ပြုလုပ်ခဲ့သေးသည်။

“ခရီးသွားလာခွင့် ကန့်သတ်မှုတွေကြောင့် ဘေးဖယ်ခံထားရပြီး ဘဝအကျပ်အတည်းကို ရင်ဆိုင်နေရဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်နေဆဲဖြစ်တဲ့ မွတ်စလင် ၄၀၀,၀၀၀ ရဲ့ အတိဒုက္ခတွေကို ကျွန်မတို့ မမေ့နိုင်ပါဘူး။ မေ့လို့လည်း မရပါဘူး” ဟု မူလာက ပြောကြားခဲ့သည်။

မူလာ၏ခရီးစဉ်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ ပြဿနာများ ကြီးထွားလာနေမှုကို အာရုံစိုက်လာကြစေရန်အတွက်လည်း ရည်ရွယ်သည်။ ကမ္ဘာက ဘင်္ဂါလီမွတ်စလင်အရေးကို အဓိကထား အာရုံစိုက်နေချိန်၌ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မြန်မာတပ်မတော်သည် စိစစ်စောင့်ကြည့်မှု အနည်းဆုံးကို ရင်ဆိုင်ရသည်။

မြန်မာတပ်မတော်နှင့် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ယခုနှစ်စမှစ၍ လူပေါင်း ၁၀၀,၀၀၀ ထက်မနည်းသည် နေရပ်များကို စွန့်ခွာခဲ့ရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ လူပေါင်း ၁၀၀,၀၀၀ ခန့်သည် ၂၀၁၁ ခုနှစ်၌ မြန်မာတပ်မတော်နှင့် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) တို့အကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက်ပိုင်း နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အခြားလက်နက်ကိုင်အုပ်စုများ ၂၀ ထက်မနည်းရှိပြီး ပဋိပက္ခ အဆင့်အမျိုးမျိုး ဖြစ်ပွားလျက်ရှိရာ နိုင်ငံ၏ မြို့နယ်ပေါင်း သုံးပုံတစ်ပုံကျော်နှင့် နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံခန့်အထိအပေါ် တိုက်ရိုက်ထိခိုက်စေလျက်ရှိသည်။

Ref; AFP

Most Read

Most Recent