ရန်ကုန်မြို့တော်စည်ပင်မှ ရေပေးဝေနေသည့် မြို့နယ်များရှိ မဏ္ဍပ်များ စည်ပင်ရေ အသုံးပြုခွင့်ရရှိမည်

ရန်ကုန်မြို့တော်စည်ပင်မှ ရေပေးဝေနေသည့် မြို့နယ်များရှိ မဏ္ဍပ်များ စည်ပင်ရေ အသုံးပြုခွင့်ရရှိမည်
Published 10 April 2018

ရန်ကုန်သြင်္ကန်အတွက် ဆောက်လုပ်ထားသည့် ရေကစားမဏ္ဍပ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)

ရန်ကုန်မြို့တော်စည်ပင်မှ ရေပေးဝေနေသည့် မြို့နယ်များရှိ မဏ္ဍပ်များ စည်ပင်ရေ အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

“မြို့နယ်တွေကို ရေပေးတဲ့အချိန်သုံးချိန် ခွဲပေးမှာပေါ့။ သူ့ဧရိယာထဲမှာရှိတဲ့ မဏ္ဍပ်တွေက အဲဒီအတိုင်းပဲ ရေရမှာဖြစ်တယ်။ သူတို့က ဦးတို့ဆီကို ရေဆက်သွယ်ခွင့်လျှောက်ရမှာ ဖြစ်တယ်။ ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ဒဂုံ အဲဒါတွေက တစ်နေ့ကို နှစ်ကြိမ် ပေးမှာပေါ့။ မနက် ၈နာရီက နေ ၁၁ နာရီ တစ်ကြိမ်၊ ညနေ ၃ နာရီကနေ ခြောက်နာရီတစ်ကြိမ် ပေးမယ်။ အဲဒီလိုပေးသွားမယ်။ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း အဲဒီသုံးမြို့နယ်က မနက် ၈ နာရီက နံနက် ၁၀ နာရီထိ တစ်ကြိမ်ပဲ ပေးပါမယ်။ တာမွေ၊ တောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ လှိုင်၊ ကမာရွတ် ကျန်တဲ့မြို့နယ်တွေကတော့ နဂိုပေးတဲ့ အချိန်အတိုင်း ပေးသွားမှာ ဖြစ်ပါတယ်။ မဏ္ဍပ်တွေက လျှောက်ထားမှုမပြုဘဲ သုံးစွဲရင်တော့ စစ်ဆေးတဲ့အဖွဲ့တွေက စစ်ဆေးပြီး ထပ်မံဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီရေနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

ယခုနှစ် သြင်္ကန်ကာလအတွင်း ရန်ကုန်မြို့တွင် ရေပြတ်လပ်မှုမရှိစေရန် အချိန်တိုးမြှင့်ရေပေးဝေမှုများနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ၂၀၁၈ခုနှစ် မဟာသြင်္ကန်ကာလအတွင်း ပြည်သူများ ရေပြတ်လပ်မှုမရှိစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ (ရေနှင့်သန့်ရှင်းမှု) က စီစဉ်ထားရှိပြီး ဧပြီ ၁၃ ရက် သြင်္ကန်အကြိုနေ့မှ ဧပြီ ၁၆ရက် သြင်္ကန်အကျနေ့တွင် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်နှင့် ဒဂုံမြို့နယ်များသို့ နံနက် ၈ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီအထိ တစ်ကြိမ် နှစ်ကြိမ်ခွဲ၍ ရေပေးဝေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်တို့တွင် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ရေပေးဝေသွားမည်ဖြစ်ကြောင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း) နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များသို့ မူလအတိုင်း ရေပေးဝေမည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁၇ ရက်တွင် မြို့နယ်များအားလုံးသို့ ယခင်ရေပေးဝေအချိန်အတိုင်း ပြန်လည်ပေးဝေသွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ရေ ပေးချိန်တွင် ရေပိုက်များ အရေးပေါ်ပြင်ဆင် ရန်လိုအပ်ပါက သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ချထားသည့် ဝန်ထမ်းများထံ အကူအညီတောင်းခံနိုင်ပြီး အရေးတကြီးအကူအညီလိုအပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (ရေနှင့်သန့်ရှင်းမှု) တယ်လီဖုန်း ၀၉-၂၅၀၂၈၃၈၂၃၊ ဝ-၂၅၀၂၈၃၅၁၂၊ ၀၉၅၀၅၄၅၆၅၊ ၀၉၅၀၈၁၂၂၉ သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ရေပိုက်လိုင်း၊ အင်းလျားကန်နှင့် ကန်တော်ကြီးကန်တို့မှ ရေကိုဆက်သွယ်ကစားလိုသည့်ကိစ္စရပ်များ စိစစ်ဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ၊ အင်ဂျင်နီယာဌာန၊ (ရေနှင့်သန့်ရှင်းမှု) သို့ ဧပြီ ၁၃ ရက် သြင်္ကန် အကြိုနေ့ မွန်းလွဲ ၁၂ နာရီ နောက်ဆုံးထားပြီး ယာယီရေဆက်သွယ်ရန်အတွက် ခွင့်ပြုမိန့်လျှောက်ထားကြရမည်ဖြစ်ကြောင်း သိရသည်။

ရေဆက်သွယ်မှုကို မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဝန်ထမ်းများအား ရေဆက်သွယ်မှုများ လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များနှင့်အညီ ရေကစားမဏ္ဍပ်သို့ ရေဆက်သွယ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်၊ ကန်တော်ကြီးကန်နှင့် အခြားမြေစိုက်ကန်များမှ ရေကိုဆက်သွယ်ပြီး ရေကစားခြင်းမပြုရန်နှင့် ကော်မတီပိုင် မီးသတ်ပိုက်ခေါင်းများမှ ဆက်သွယ်ပြီး ရေကစားခြင်းလုံး၀ မပြုရန်နှင့် ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent