<

ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် DVB အလွတ်တန်းသတင်းထောက် ကိုဝဏ္ဏထွန်းအား လက်ပံတန်းမြို့နယ်တရားရုံးက အမှုမှကွင်းလုံးကျွတ်လွှတ်ပေး

ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် DVB အလွတ်တန်း သတင်းထောက် ကိုဝဏ္ဏထွန်းအား ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) လက်ပံတန်းမြို့နယ်တရားရုံးက အမှုမှ ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းလုံးကျွတ်လွှတ်ကြောင်း အမိန့်ကို လက်ပံတန်းမြို့နယ် တရားသူကြီး ဦးချစ်ချစ်လွင်က ဧပြီ ၉ ရက် ရုံးချိန်းတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားလိုဖြစ်သူက အမှုအား ကျေအေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သတင်းသမားတစ်ယောက်အနေနဲ့  ကျင့်ဝတ်စည်းကမ်းအတိုင်း ရေးသားခဲ့တာ ဖြစ်တယ်။ အမှုဖွင့်ခံရတုန်းကလည်း သေချာလေ့လာစုံစမ်းပြီး အမှုဖွင့်ခဲ့တာမဟုတ်ဘူး။ သူတို့ကလည်း သတင်းထောက်တွေဆိုရင်  ဘာဖြစ်ဖြစ် အမှုဖွင့် ထောင်ထဲထည့်ဖို့ပဲ လုပ်နေတာ။ အခုကတော့ တရားလိုကိုယ်တိုင်က အမှုကို ကျေအေးပေးတယ်။ တရားရုံးကလည်း လုပ်ထုံးလုပ်နည်းဥပဒေနဲ့အညီ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တယ်။ ကျွန်တော့်အတွက်တော့ တစ်နှစ်ကျော်လောက် အလုပ်ရှုပ်သွားတယ်။ သတင်းထောက်တစ်ယောက် အမှုဖွင့်ခံရတယ်ဆိုတော့ သတင်းလောက အတွက်လည်း သိက္ခာကျ နစ်နာတာပေါ့။ ကျွန်တော်တို့ကတော့ မှန်ကန်တဲ့သတင်းတွေကို ဆက်ပြီးကျင့်ဝတ်နဲ့အညီ ရေးနေဦးမှာပါ” ဟု တရားစွဲဆိုခံခဲ့ရသူ ကိုဝဏ္ဏထွန်းက ပြောကြားသည်။

စိုက်ဘဏ်ချေးငွေကိစ္စဖြင့် သတင်းရေးသားခဲ့သူ ကိုဝဏ္ဏထွန်းနှင့် Facebook ပေါ်တင်ခဲ့သူ ရဲနိုင်တို့အား အုပ်ချုပ်ရေးမှူးတစ်ဦးက ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ကိုဝဏ္ဏထွန်းအား ကျေအေးပေးခဲ့ကာ ရဲနိုင်အား ဆက်လက်တရားစွဲဆိုထားဆဲဖြစ်ကြောင်း သိရသည်။

“အခင်းဖြစ်တာနဲ့ပတ်သက်ပြီး တရားလိုက ရုပ်သိမ်းပေးတဲ့အတွက် တရားရုံးကနေ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ လွှတ်ပေးလိုက်တာပါ” ဟု ကိုဝဏ္ဏထွန်း၏ အကျိုးဆောင်ရှေ့နေ ဦးရဲမြတ်အောင်က ပြောကြားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလက အဆိုပါ DVB သတင်းထောက်နှင့် ရဲနိုင်ဟု ဆိုသူတို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စတင်အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကိုဝဏ္ဏထွန်းအား ၆၈ (က) ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

April 9, 2018














Copy Protected by Chetan's WP-Copyprotect.