ရခိုင်ပြည်နယ်လွှတ်တော်မှ ဖြတ်တောက်လိုက်သော ဒေသန္တရစီမံကိန်းများဘတ်ဂျက်သည် အမှန်တကယ် အသုံးမပြုသင့်သည့် လူထုအကျိုးမပြုသော ဘတ်ဂျက်များသာဖြစ်ကြောင်း လွှတ်တော်ရှင်းလင်း

ရခိုင်ပြည်နယ်လွှတ်တော်မှ ဖြတ်တောက်လိုက်သော ဒေသန္တရစီမံကိန်းများဘတ်ဂျက်သည် အမှန်တကယ် အသုံးမပြုသင့်သည့် လူထုအကျိုးမပြုသော ဘတ်ဂျက်များသာဖြစ်ကြောင်း လွှတ်တော်ရှင်းလင်း
Published 10 April 2018

 

ရခိုင်ပြည်နယ်အစိုးရက ပြည်နယ်လွှတ်တော်သို့ တင်ပြလာသည့်  ဒေသန္တရစီမံကိန်းများ ဘတ်ဂျက်သည် အမှန်တကယ်အသုံးမပြုသင့်သည့် လူထုအကျိုးမပြုသော ဘတ်ဂျက်များသာဖြစ်ကြောင်း ဧပြီ ၉ ရက်က ပြုလုပ်ခဲ့သော လွှတ်တော်မှ သတင်းစာရှင်းလင်းပွဲတွင် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရမှ ရခိုင်ပြည်နယ်ဒေသန္တရစီမံကိန်းများ၏ ငွေလုံးငွေရင်းအသုံး စရိတ်နှင့်ပတ်သက်ပြီး လွှတ်တော်သို့တင်ပြခဲ့ရာ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက လုပ်ငန်းအချို့အပေါ် ကန့်ကွက်ခြင်း၊ ငွေကြေးချထားပေးရာတွင် လျှော့ချခြင်းများကိုပြုလုပ်ခဲ့ရာ ကျပ်သန်းပေါင်း ၆၁၆၀ ကျော် ဖြတ်တောက်ခဲ့ခြင်း နှင့်ပတ်သက်ပြီး ရှင်းလင်းခြင်းလည်း ဖြစ်သည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသန်းမြ၊ လွှတ်တော်ကိုယ်စားလှယ်၊ ဦးခင်မောင်ဌေး၊  ဦးမောင်မောင်၊ ဦးအေးသိန်းတို့နှင့် ဥပဒေနှင့် အခြားကိစ္စရပ်များ အကြံပေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

“နောက်ဆက်တွဲလုပ်ငန်းတွေကို အတည်ပြုပေးဖို့ လွှတ်တော်ကို တင်ပြလာခဲ့တယ်။ ပြောရရင် ဈေးငါးဈေးက လွှတ်တော်ကိုယ်စားလှယ်ငါးဦးက မထည့်သွင်းသင့်တော့ဘူးဆိုတဲ့ အကြံပြုချက်ကိုလည်း ဥပဒေနဲ့အညီ ပို့ခဲ့တယ်။ ဒါပေမဲ့ ထပ်ပြီးပါလာတယ်။ လုပ်ငန်းသစ်တွေပါလာတယ်။ လုပ်ငန်းတွေ ထပ်နေတာတွေကို တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်လက်မှတ်ထိုးပြီး ညှိနှိုင်းဖို့ ဝန်ကြီးချုပ်ဆီကို အကြောင်းကြားစာ ပေးပို့ခဲ့တယ်။ နောက်ပြီး ဆွေးနွေးကြတယ်။ ဒါကို ဝန်ကြီးချုပ်က အလွတ်သဘော ဆွေးနွေးတာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်ပါလို့သာ ပြောတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်လွှတ်တော်ဥပဒေအတိုင်း လုပ်ကြတာဖြစ်ပါတယ်” ဟု လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း တည်ဆောက်ရန် ထပ်မံတင်ပြလာသည့် ဈေးငါးဈေးမှာ ဝန်ကြီးများရှိရာ မြို့ငါးမြို့ဖြစ်နေသည့်အပြင် ယင်းဈေးဆောက်လုပ်ခြင်းအတွက် ဝန်ကြီးတစ်ဦးအား ပြစ်တင်စွပ်စွဲခဲ့ရပြီးဖြစ်ကာ ယင်းမြို့များတွင် သုံးထပ်ဈေးတည်ဆောက်ရန် အမှန်တကယ် မလိုအပ်ကြောင်း၊ ထို့ပြင် အဆောက်အအုံသစ် ဖွင့်ပွဲတစ်ခုအတွက် ကျပ်သိန်းနှစ်ရာကို ဘတ်ဂျက်တွင် ထည့်သွင်းထားကြောင်း၊ မိုးပျံပူဖောင်းလွှတ်တင်ရန် ကျပ်သိန်း ၂၀ ပါဝင်ကြောင်း၊ ယခင်နှစ်က ပြုလုပ်ထားသော ကမ်းထိန်းနံရံအား ယခုနှစ်တွင်လည်း ထပ်မံတောင်းခံလာခြင်းမျိုးရှိကြောင်း၊ အချို့သော ဆောက်လုပ်ရေးလုပ်ငန်းအတွက် ငွေကြေးအဆမတန် တင်ပြထားခြင်းမျိုးကိုလည်း တွေ့ရကြောင်း၊ ကမ်းထောင်း ကြီးမြို့တွင် ဆိုင်ကယ်ရပ်နားသည့်နေရာ မြေဖို့ရန် ကျပ် ၁ ဒသမ ၄၉ သန်း၊ ဆိုင်ကယ်စတန်း အုတ်စီနံရံပြုလုပ်ခြင်းအတွက် ကျပ် ၁ ဒသမ ၂၉ သန်း၊ ဆိုင်ကယ်စတန်း ကွန်ကရစ်ခင်းရန် ကျပ် ၈ ဒသမ ၇၆ သန်း အစရှိသည်တို့အပြင် အောင်မြင်မှုမရှိသော မြစ်ရေတင်စီမံကိန်းများအတွက် ထပ်မံတောင်းခံခြင်းများကိုလည်း တွေ့ရှိခဲ့ရသည့်အတွက် အကျိုးမပြုသော လုပ်ငန်းများကို ဖြတ်တောက်ကာတချို့ လုပ်ငန်းရပ်များတွင် တင်ပြလာသော ဘတ်ဂျက်အား တွက်ချက်ပြီး လျှော့ချခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက “လုပ်ငန်း ၃၃ ခုဟာ ကာလတန်ဖိုးထက် ကျော်လွန်တောင်းခံထားတာကို တွေ့ရတယ်။ ဒါကြောင့် ၂၈ ဒသမ ၆၈၈ သန်း လျှော့ချလိုက်တယ်။ နောက်ပြီး သံတွဲမြို့နယ်က ခန်းမတစ်ခု အကြီးစား ပြင်ဆင်ပြီးစီးပြီးနောက် ထပ်မံလိုအပ်ငွေ သန်း ၁၃၀ တောင်းတယ်။ စိစစ်ကြည့်တော့ သန်း ၃၀ ဟာ ဖွင့်ပွဲမှာ မိုးပျံပူဖောင်းတွေလွှင့်လို့ ကုန်ကျတဲ့ငွေတွေ ဖြစ်နေတယ်။ ဒါဟာ မသင့်တော်ဘူး၊ နိုင်ငံတော်ဘဏ္ဍာငွေထဲက အဲဒီလိုလုပ်လို့ မရဘူး။ ဒါကြောင့် သန်း ၃၀ ကိုလျှော့ချလိုက် ပါတယ်” ဟု ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ကလည်း လုပ်ငန်း အခု ၂၀ ကို ဖြတ်တောက်ခဲ့ရကြောင်း၊ ဥပဒေအရ လုပ်ဆောင်ရခြင်းသာဖြစ်ကြောင်း၊ လွှတ်တော်ကိုတင်ပြသည့်အခါတွင် လုပ်ပြီးသားလုပ်ငန်းနှင့် လွှတ်တော်သို့တင်ပြခြင်း လုံးဝမရှိသည့် လုပ်ငန်းများဖြစ်နေသည်ကို တွေ့ရှိရသည့်အတွက် ပယ်ဖျက်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအတွက် ကျပ်သန်းပေါင်း ၁၀၃၀ တန်ဖိုးရှိ လုပ်ငန်းများ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကိစ္စရပ်များသည် လွှတ်တော်နှင့်အစိုးရအကြား နားလည်မှု ဆွေးနွေးမှုမရှိသည့်အတွက် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ဆည်ကြီးတွေရှိနေမယ့် မြစ်ရေတင် စီမံကိန်းလုပ်တယ်။ တစ်နှစ်မှာမှ စပါး ၇၂၉ တင်း ထွက်တာကိုတွေ့တယ်။ ရောင်းရငွေက ၃၆ သိန်းကျော်သာ ရတယ်။ ဒီစီမံကိန်းဟာ ဘယ်လိုအောင်မြင်မလဲဆိုတာ အစိုးရတာဝန်ယူရမှာ ဖြစ်တယ်။ အခုက မအောင်မြင်ဘူး။ ငွေထပ်ပြီးသုံးဖို့တင်တယ်။ အကျိုးအမြတ်က ထွက်မလာဘူး။ နှစ်စဉ်အသုံးငွေတွေက အများအပြား ထွက်နေတယ်။ စီမံကိန်းလုပ်ပြီး စပါးလည်းမစိုက်ဘူး။ ပစ်ထားတယ်။ ဒါဟာ ဘတ်ဂျက်တွေကို အလွဲသုံးစားလုပ်နေတာလို့ မြင်တယ်” ဟု ဦးမောင်မောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြလာသည့် ဘတ်ဂျက်များတွင် လုပ်ငန်းထပ်သည့် ဘတ်ဂျက်များလည်း ပါဝင်ကြောင်း၊ မြင်သာသည့် လုပ်ငန်းများမှာ စစ်တွေမြို့၊ ရသေ့တောင်- ပုဏ္ဏားကျွန်းတို့တွင်လုပ်ဆောင်မည့် စီမံကိန်းများဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယင်းသို့ စီမံကိန်းများပယ်ဖျက်ခြင်း၊ လျှော့ချခြင်းများအတွက် ပိုလျှံလာသောငွေများအား ဘဏ်တွင်အပ်နှံထားမည်ဟု ဝန်ကြီးတစ်ဦးက ပြောကြားခဲ့ကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌက ပြောကြားသည်။ ထို့ပြင် ယင်းငွေများကို နောင်နှစ်ဘတ်ဂျက်များတွင် ပြန်လည်ထည့်သွင်းသွားနိုင်ခြေရှိကြောင်း သိရသည်။ ဘတ်ဂျက်များ ဖြတ်တောက်ခြင်း၊ လျှော့ချခြင်းနှင့် ပယ်ဖျက်ခြင်းများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်အား ဝေဖန်သုံးသပ်မှုများလည်း ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent