နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်း မြောင်းမြမြို့၌ ယနေ့ပြုလုပ်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်း မြောင်းမြမြို့၌ ယနေ့ပြုလုပ်မည်
Published 10 April 2018

မြောင်းမြမြို့၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်ရန် ပြင်ဆင်နေမှုအား ဧပြီ ၉ ရက်က တွေ့ရစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ စကားဝိုင်း (PEACE TALK)  ကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ဧပြီ ၁၀ ရက် (ယနေ့) တွင် ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းကို မြောင်းမြမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ပြုလုပ်မည် ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြောင်းမြမြို့သို့ ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် လာရောက်မည်ဖြစ်ပြီး မြောင်းမြမြို့ ဂုန်နီစက်ရုံတွင်စီစဉ်ထားသည့် ရဟတ်ယာဉ်ကွင်းမှ တစ်ဆင့် မော်တော်ယာဉ်များဖြင့် အခမ်းအနားကျင်းပရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ လာရောက်မည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲပြီးဆုံးပါက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကိုးကွယ်ခဲ့သည့် ဇေယျမေဒနီဘုန်းတော်ကြီးသင် စာသင်တိုက်ကျောင်းသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြောင်းမြမြို့ တွင်ဆောက်လုပ်မည့် ဒေါ်ခင်ကြည်သူနာပြုသင်တန်းကျောင်း မြေနေရာအား လေ့လာကာ ပြီးခဲ့သည့်ရက်ပိုင်းက ကျိုးပျက်ခဲ့သည့် မြောင်းမြကြိုးတံတားနေရာအား သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားစီစဉ်သူများ၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများစကားဝိုင်း (PEACE TALK) အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ဒေသခံပြည်သူများဖြစ်သည့် ဦးဇော်တင်မိုး၊ ဒေါ်ပြုံးပြုံးအေး၊ ဦးအောင်မြင့်မြတ်၊ ဦးဝင်းနိုင်၊ ဒေါ်ဖြိုးအိကြိုင်၊ ဦးအောင်ကြည်မြင့်၊ ဒေါ်နန့်ရီစိုင်းနား၊ ဦးစိုးလှိုင်ဦးတို့က ပါဝင်ဆွေးနွေးမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲအား မြောင်းမြမြို့မအားကစားကွင်းကြီးအတွင်းတွင် LED ဘုတ်များဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသထားမည်ဖြစ်ကြောင်း သိရသည်။

“အစ်ကို့အနေနဲ့က ဒီပွဲကို CSO အနေနဲ့ တက်ရောက်တာဆိုတော့ CSO အဖွဲ့တွေ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖိုရမ်တွေနဲ့ ပက်သက်ပြီးတော့ပဲ လုပ်ဆောင်နေမှုတွေကို အဓိကထားတင်ပြသွားမှာပါ၊ နောက်ပိုင်းမှာ CSO ဖိုရမ်တွေကို ဒေသတွင်းဆွေးနွေးပွဲ လူမျိုးစုအလိုက် ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဒါတွေကိုပဲ အဓိကထားတင်ပြသွားပါမယ်” ဟု ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးရန် ဖိတ်ကြားခံရသူ ဦးစိုးလှိုင်ဦးက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြောင်းမြခရီးစဉ်အား မြို့ခံပြည်သူများ ကြိုဆိုနိုင်ရေးအတွက် မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လိုက်လံနှိုးဆော်မှုများပြုလုပ်ပြီး ကြိုဆိုနှုတ်ဆက်လို သူများသည် မြောင်းမြဂုန်နီစက်ရုံ၊ ပညာဇေယျုံ ဘုန်းကြီးကျောင်းရှေ့၊ နတ်စင်လမ်းထိပ်၊ ဦးဘချိုရုပ်တုရှေ့၊ အထက (၆) ကျောင်းရှေ့ နှင့် (၁၂) လမ်းထိပ်များတွင် စောင့်ဆိုင်းကြိုဆိုနိုင်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယခုကဲ့သို့ အလားတူ စကားဝိုင်းဆွေးနွေးပွဲများကို နေပြည်တော်၊ ရှမ်းပြည်နယ် ပင်လုံမြို့၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ၊ ကယားပြည်နယ် လွိုင်ကော်မြို့စသည့်နေရာများတွင် ပြုလုပ်ထားသည်။

မင်းသူဝင်းထွဋ်

Most Read

Most Recent