ရန်ကုန်အဝေးသင် တက္ကသိုလ်မှ ၂၀၁၈ ပညာသင်နှစ်မှ စတင်၍ စာစဉ်တင်သွင်းမှုကို အွန်လိုင်းမှတစ်ဆင့် လက်ခံနိုင်ရန် စမ်းသပ်ဆောင်ရွက်လျက်ရှိ

ရန်ကုန်အဝေးသင် တက္ကသိုလ်မှ ၂၀၁၈ ပညာသင်နှစ်မှ စတင်၍ စာစဉ်တင်သွင်းမှုကို အွန်လိုင်းမှတစ်ဆင့် လက်ခံနိုင်ရန် စမ်းသပ်ဆောင်ရွက်လျက်ရှိ
Published 10 April 2018

ရန်ကုန်အဝေးသင် တက္ကသိုလ်အား တွေ့ရစဉ် (ဓာတ်ပုံ-အေးပပ)

ရန်ကုန်အဝေးသင် တက္ကသိုလ်မှ ၂၀၁၈ ပညာသင်နှစ်မှ စတင်၍ စာစဉ်တင်သွင်းမှုများကို အွန်လိုင်းမှတစ်ဆင့် လက်ခံနိုင်ရန် စမ်းသပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရန်ကုန်အဝေးသင် တက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် အွန်လိုင်းမှတစ်ဆင့် စာစဉ်များ တင်သွင်းပါက စာစဉ်များကို မိမိလက်ရေးဖြင့် ဖြေဆိုရန်၊ အမည်၊ ခုံနံပါတ်၊ အထူးပြုဘာသာ၊ အတန်း၊ ဌာနခွဲအမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် လိပ်စာတို့ကို ပြည့်စုံစွာ ရေးသားရမည်ဖြစ်ပြီး ဖြေဆိုပြီးသော စာစဉ်များကို ထင်ရှားပေါ်လွင်အောင် ဖုန်းဖြင့် ဓာတ်ပုံရိုက်၍သော် လည်းကောင်း သို့မဟုတ် Scan ဖတ်၍ PDF Format ဖြင့် သော်လည်းကောင်း၊ ရန်ကုန်အဝေးသင် တက္ကသိုလ်၏ လိပ်စာတစ်ခုဖြစ်သည့် [email protected] သို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

“Assignment ကို ကိုယ်တိုင်လက်ရေးနဲ့ ရေးပြီးဖြေဆိုရမှာ ဖြစ်ပါတယ်။ ရေးထားတာကိုမှ Scan ဖတ်ပြီး PDF Format နဲ့ သတ်မှတ်ထားတဲ့ အီးမေးလ်ထဲ ပို့ပေးရမှာ ဖြစ်ပါတယ်။ အွန်လိုင်းစနစ်နဲ့ စာစဉ်တင်တာကို ဒီပညာသင်နှစ်ကစပြီး စမ်းသပ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ စာစဉ်မေးခွန်းလွှာတွေကိုလည်း တင်ပေးထားပါတယ်” ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဝေးသင်တက္ကသိုလ် စာစဉ်များ ထုတ်ယူရာတွင် အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ မရရှိသော ကျောင်းသား ကျောင်းသူများ အဆင်ပြေစေရေးအတွက် စာစဉ်မေးခွန်းလွှာများကို ရန်ကုန်အဝေးသင် တက္ကသိုလ် ဝက်ဘ်ဆိုက်တွင် Download ရယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ စာစဉ်များ ဖြေဆိုရာတွင် ကျောင်းသားကိုယ်တိုင် ဖြေဆိုခြင်း ဟုတ်၊ မဟုတ်အား စာမေးပွဲတွင် ဖြေဆိုသည့် လက်ရေးနှင့် တိုက်ဆိုင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။ အဝေးသင် တက္ကသိုလ်၏ သင်ကြားနည်းစနစ်ဖြင့် သင်တန်းနှစ်အသီးသီး တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် စာစဉ်များကို မပျက်မကွက် မိမိကိုယ်တိုင် ဖြေဆိုတင်သွင်းရန်၊ သတ်မှတ်ရက်အတွင်း အချိန်မီတင်သွင်းရန်၊ စာစဉ်များကို သင်တန်းသားကိုယ်တိုင် လက်ရေးဖြင့် သတ်မှတ်စာစဉ် အဖြေလွှာပေါ်တွင် ဖြေဆိုရန်၊ အခြားသူများအား ဖြေခိုင်းထားသည်ကို စစ်ဆေးတွေ့ရှိရပါက စာစဉ်အမှတ်များအတွက် လုံးဝအမှတ်ပေးတော့မည် မဟုတ်ဘဲ စာမေးပွဲတွင် သင်တန်းသား ဖြေဆိုသော လက်ရေးနှင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ပြီး ကွဲလွဲမှု တွေ့ရှိပါက စာစဉ်ဖြေဆိုမှုကို ပယ်ဖျက်မည် ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင်လည်း ဖော်ပြထားသည်။ အလားတူ ရန်ကုန်အဝေးသင် ကျောင်းသားများ အတွက် ၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းဝင်မှတ်ပုံတင်ရက် ကျော်လွန်ပြီး ကျောင်းဝင်မှတ်ပုံတင်ခြင်း မပြုခဲ့ရသော ပထမနှစ် ကျောင်းသူ ကျောင်းသားများအား အကြောင်းပြချက် ခိုင်လုံစွာ တင်ပြလာပါက သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ အစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ် ဧပြီ ၃၀ ရက်အထိ စိစစ်လက်ခံမည်ဖြစ်ပြီး ကျောင်းဝင်မှတ်ပုံတင် နောက်ကျသော ကျောင်းသား ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်း ဖြန့်ဝေခြင်းမှာ အနည်းဆုံး ရက်သတ္တပတ်သုံးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent