မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော ဆေးဝါး ၁၆ မျိုးကို အယ်လ်ဂျီးရီးယားနိုင်ငံမှ မှာယူထားပြီး တင်ပို့ရောင်းချနိုင်ရန် စီစဉ်နေ

မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော ဆေးဝါး ၁၆ မျိုးကို အယ်လ်ဂျီးရီးယားနိုင်ငံမှ မှာယူထားပြီး တင်ပို့ရောင်းချနိုင်ရန် စီစဉ်နေ
Published 10 April 2018

BPI စက်ရုံမှ ထုတ်လုပ်သော ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးအပါအဝင် အခြားဆေးဝါး ၁၆ မျိုးကို အယ်လ်ဂျီးရီးယားနိုင်ငံမှ စာချုပ်ချုပ်ဆို မှာယူထားပြီး တင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်း အနေဖြင့် ကျန်းမာရေး အထောက်အကူပြု အိမ်သုံးဆေးဝါး အမျိုးမျိုးကို တိုးမြှင့်ထုတ်လုပ်လျက်ရှိပြီး ဆေးဝါးများ အလွယ်တကူ ဝယ်ယူနိုင်ရန် စက်မှုဝန်ကြီးဌာန၊ ဆေးဝါးအရောင်းဆိုင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင် ဖွင့်လှစ်ရောင်းချပေးလျက် ရှိကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် BPI ဆေးဝါး အရောင်းဆိုင်ပေါင်း ၈၉ ဆိုင် ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် မြွေဆိပ်ဖြေဆေး တိုးမြှင့်ထုတ်လုပ်ရေး အဆောက်အအုံကို ၂၀၁၆ ခုနှစ် မေ၂၀ ရက်တွင် ဆေးဝါးစက်ရုံ (အင်းစိန်) ၌ ဖွင့်လှစ်ခဲ့ပြီး လျှပ်စစ်မီး မရရှိသည့် ကျေးလက်ဒေသများတွင် သာမန်အခန်းအပူချိန်၌ ဆေးသက်တမ်း ငါးနှစ်အထိ ထားရှိနိုင်သော အေးခဲခြောက် ပုံစံဖြင့် မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်ခဲ့ကြောင်းနှင့် ထိုးဆေးအမျိုးအစား ၁၀ မျိုးကို တစ်နှစ်လျှင် သန်း ၂၀ ထုတ် လုပ်နိုင်သည့် Small Volume Production Plan နှင့် တစ်နှစ်လျှင် ငါးသန်းထုတ်လုပ်နိုင်သည့် Cephalasporin Injection Plant တို့ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆေး ဝါးစက်ရုံ(အင်းစိန်) ၌ လည်းကောင်း၊ Povidine (အနာကျက်ဆေးရည်) ထုတ်လုပ်သည့် အဆောက်အအုံသစ်ကို ဆေးဝါးစက်ရုံ (အင်ရောင်း) တွင် ၂၀၁၈ ခုနှစ် မတ်၂၀ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြွေဆိပ်ဖြေဆေးများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး လာအိုနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားပြီး လက်ရှိတွင် ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော ဆေးဝါး ၁၆ မျိုးကို အယ်လ်ဂျ်ဂျီးရီးယားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ်များကို ထပ်မံတိုးချဲ့ ထုတ်လုပ်မည်ဖြစ်ရာ ကျပ် ၅၀ ဘီလျံတန်ဖိုးရှိ ဆေးဝါးများကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဆေးပြား၊ ဆေးတောင့်အမျိုးမျိုး၊ ဆေးဆီ၊ ဆေးရည်အမျိုးမျိုး၊ ထိုးဆေးနှင့် သွေးကြောသွင်း ဆေးရည်အမျိုးမျိုးအပြင် မြွေဆိပ်ဖြေဆေး စသည့် ဆေးဝါးထုတ်ကုန် အမျိုးပေါင်း ၁၉၇ မျိုးကို ထုတ်လုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက ဆေးဝါးစက်ရုံ (အင်းစိန်)မှ ထုတ်လုပ်သော ဆေးဝါးအမည်များကို ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် စာချုပ်အမှတ်များဖြင့် တစ်ဦးတည်း မူပိုင်အဖြစ် သုံးစွဲရန် မှတ်ပုံတင်ထားပြီး ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားပြီးဖြစ်သည့် ဆေးဝါး ၃၅ မျိုးကိုလည်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ကြေညာထားပြီး ဖြစ်ကြောင်းနှင့် ဆေးဝါး ၃၅ မျိုး၏ အမည်များကို စက်ရုံမှတပါး အခြားမည်သူ တစ်ဦးတစ်ယောက်မှဖြစ်စေ၊ အများမှဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ၊ အလုံးစုံတုပ၍ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပုံတူပုံမှား၊ ထင်ယောင်ထင်မှား၊ ဆင်တူယိုးမှားဖြစ်စေ၊ မှီငြမ်းတုပသုံးစွဲခြင်း၊ ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း၊ လုံးဝမပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)အနေဖြင့် တရားမကြောင်း ပြစ်မှုကြောင်းတို့အရ ထိရောက်စွာ တရားဥပဒေအရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

 

Most Read

Most Recent