မန္တလေးမဟာမုနိဘုရား ၆၈ ကြိမ်မြောက် ရွှေမိုက်ထုတ်ယူခြင်းမှ သန့်စင်ရွှေသား ၁၆ ပိဿာ ၅၈ ကျပ်သား ကျော်ရရှိခဲ့

မန္တလေးမဟာမုနိဘုရား ၆၈ ကြိမ်မြောက် ရွှေမိုက်ထုတ်ယူခြင်းမှ သန့်စင်ရွှေသား ၁၆ ပိဿာ ၅၈ ကျပ်သား ကျော်ရရှိခဲ့
Published 10 April 2018

မန္တလေးမဟာမုနိဘုရား ၆၈ ကြိမ်မြောက် ရွှေမိုက်ထုတ်ယူခြင်း လုပ်ငန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက စတင်လုပ်ဆောင်ခဲ့ရာ ဧပြီ ၈ ရက်တွင် လုပ်ငန်းများ ပြီးစီးခဲ့ပြီး ယခုနှစ်တွင် သန့်စင်ရွှေသား ၁၆ ပိဿာ ၅၈ ကျပ်သားကျော် စံချိန်တင် ရရှိခဲ့ကြောင်း သိရသည်။

ရွှေမိုက်ထုတ်ယူခြင်း လုပ်ငန်းကို တစ်နှစ်တစ်ခါ ဆောင်ရွက်ခြင်းဖြစ်ပြီး မဟာမုနိဘုရား ရုပ်ပွားတော်ကြီးအား ရွှေဆိုင်းကပ်လှူရာတွင် စွန့်ပစ်သည့် ရွှေလှောင်စက္ကူများ၊ ဖိဂွမ်းများ၊ သစ်စေးလုံးများနှင့် ရုပ်ပွားတော် အနီးခင်းသည့် ကော်ဇောများကို စုဆောင်းသိမ်းဆည်းကာ ရွှေပြန်လည် ထုတ်ယူခြင်းဖြစ်သည်။

ယခုနှစ်အတွက် ရွှေမိုက်ထုတ်ယူခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်လုပ်ဆောင်ခဲ့ရာ ရွှေထုတ်ယူမည့် ရွှေမိုက်ပစ္စည်းများကို ဂေါပကအဖွဲ့က လုပ်ငန်းဆောင်ရွက်မည့် ရွှေမိုက်သူကြီးထံ ပစ္စည်းအလိုက် အလေးချိန်များဖြင့် ချိန်တွယ်အပ်နှံခဲ့ပြီး ယခုနှစ်တွင် ပုံမှန်ရွှေမိုက် ထုတ်ခြင်းမှ ရွှေမိုက်ပစ္စည်းများ အပါအဝင် ကျောင်းတော်ကြီး ရွှေအသစ်ချရန် ရွှေအဟောင်းများ ပွတ်ထားသော ရွှေများနှင့် ထုပိကာမှ ပျက်စီးယိုယွင်းနေသော ရွှေပြားများ အသစ်လဲလှယ်ခြင်း ပြုလုပ်ရာတွင် ထွက်ရှိသည့် မိုက်ပစ္စည်းများကို အဆင့်ဆင့်ပြုလုပ်ကာ ကနဦးတွင် မကျွတ်ရွှေ ရရှိသည်အထိ ထုပ်ယူစုဆောင်းပြီး ယင်းမကျွတ်ရွှေအား သန့်စင်ရွှေရရှိသည်အထိ ပြုလုပ်ဆောင်ရွက် စုဆောင်းခဲ့ရာ ၆၈ ကြိမ်မြောက် ရွှေမိုက်ထုတ်ယူခြင်းမှ သန့်စင်ရွှေ ပိဿာချိန် ၁၆ ပိဿာ ၅၈ ကျပ်သား ၁၀ ပဲ သုံးရွေးရရှိခဲ့ကြောင်း သိရသည်။

“ရွှေမိုက်လုပ်ငန်း စလုပ်တာက ဖေဖော်ဝါရီ ၁ ရက်ကစတာပါ။ အလုံးစုံပြီးတာက ဧပြီ ၈ ရက် ညနေပိုင်းမှာ ပြီးခဲ့တယ်။ ရွှေမိုက်ထုတ်ယူတဲ့ အခါမှာ အလေအလွင့် မရှိအောင် သေသေချာချာ စိစစ်လုပ်ခဲ့တယ်။ ဒီနှစ်မှာ သန့်စင်ရွှေ ၁၆ ပိဿာကျော် စံချိန်တင် ထွက်ခဲ့တယ်။ အရင်နှစ်နဲ့စာရင် ထွက်ရှိမှု ကွာဟတာက ဒီနှစ်မှာ ပုံမှန်တစ်နှစ်တစ်ခါ စုဆောင်းသိမ်းဆည်းထားတဲ့ မိုက်ပစ္စည်းတွေအပြင် အခြားမိုက်ပစ္စည်း နှစ်ခုဖြစ်တဲ့ နံပါတ် (၁) ကျောင်းတော်ကြီး ရွှေအသစ်ချရန် ရွှေအဟောင်းများ ပွတ်ထားတဲ့ ရွှေမိုက်တွေရယ်၊ နံပါတ် (၂ ) ထုပိကာက ပျက်စီးယိုယွင်းနေတဲ့ ရွှေပြားများ အသစ်လဲလှယ်ခြင်း ပြုလုပ်တဲ့အခါ ထွက်ရှိတဲ့ ရွှေမိုက်တွေရယ်၊ ပါဝင်တာကြောင့်ဖြစ်တယ်” ဟု ရွှေမိုက်သူကြီး ဦးအောင်မိုးက ပြောကြားသည်။

တစ်နှစ်တစ်ခါ ထုတ်ယူသည့် ရွှေမိုက်ပစ္စည်းများမှ သန့်စင်ရွှေ ခုနစ်ပိဿာကျော်ဝန်းကျင် ရရှိလေ့ရှိကြောင်း သိရသည်။

 

Most Read

Most Recent