မန္တလေးတိုင်းဒေသကြီးတွင်၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် တရားမဝင်သစ် ဖမ်းဆီးရမူသည် ယမန်နှစ်ထက် လျော့နည်းလာသည့်အတွက် တန် ၆၀၀ ခန့်လျော့ပြီး ဖမ်းဆီးရရှိခဲ့

မန္တလေးတိုင်းဒေသကြီးတွင်၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် တရားမဝင်သစ် ဖမ်းဆီးရမူသည် ယမန်နှစ်ထက် လျော့နည်းလာသည့်အတွက် တန် ၆၀၀ ခန့်လျော့ပြီး ဖမ်းဆီးရရှိခဲ့
Published 10 April 2018

ဖမ်းဆီးရမိသည့် သစ်များအား သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စစ်ဆေးနေစဉ်

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ မတ်အကုန်အထိ တရားမဝင် သစ်ဖမ်းဆီးရမူသည် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် တရားမဝင်သစ် များကို စီမံချက်များ ချမှတ်ပြီး ထိထိရောက်ရောက် ဖမ်းဆီးနေသည့်အတွက် တရားမဝင် ကျူးလွန်မှု လျော့နည်းလာသည့် အတွက်ကြောင့် တန် ၆၀၀ ခန့်လျော့ပြီး ဖမ်းဆီးရရှိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး သစ်တော ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။

“အဖမ်းအဆီးများလာရင်လည်း လျော့လာတယ်။ တစ်ချက်ပေါ့။ နောက်တစ်ခုက အဓိက ကျွန်တော်တို့တိုင်းက ဖြတ်သွားဖြတ် လာလုပ်တာများတော့ တစ်ဖက်နိုင်ငံကိုပို့တဲ့ သစ်အများစုကပေါ့။ ကျန်တဲ့နီးစပ်ရာသစ်ထွက်တဲ့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ် မိုးမိတ်တို့ဘက်ကလည်း သစ်ကုန်ကြမ်း လျော့နည်း လာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကျွန်တော်ကိုယ်ပိုင် အတွေးအမြင် ယူဆချက်ပါနော်။ နောက်တစ်ခု သူတို့ဘက်မှာလည်း အဖမ်းအဆီးတွေကလည်း အများကြီး လုပ်ပါတယ်။ ဒီအကြောင်း အချက်တွေကြောင့် ဖမ်းဆီးမှုက လျော့နည်းလာတာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၏ လက်အောက်ရှိ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနများ လစဉ်စီမံချက်ရေးဆွဲပြီး ဖမ်းဆီးမှုများ ရှိသလို၊ တိုင်းဒေသကြီး အစုအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးဆောင်ရွက်မှုများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုများကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ်ဘဏ္ဍာနှစ် ခရိုင်အလိုက် တရားမဝင်သစ် ဖမ်းဆီးရမှုမှာ မန္တလေးခရိုင် ၄၀၃ ဒသမ ၆၁၀၄ တန်၊ ပြင်ဦးလွင်ခရိုင် ၁၀၈၃ ဒသမ ၅၇၄၄ တန်၊ ကျောက်ဆည်ခရိုင် ၁၆၁ ဒသမ ၆၁၈၄ တန်၊ မိထ္ထီလာခရိုင် ၁၅၃ ဒသမ ၁၆၀၆ တန်၊ မြင်းခြံခရိုင် ၅၈ ဒသမ ၆၈၁၈ တန်၊ ရမည်းသင်းခရိုင် ၈၇ ဒသမ ၅၅၄၂ တန်၊ ညောင်ဦးခရိုင်၂၆ ဒသမ ၂၇၉၂ တန်တို့ ရမိခဲ့ကြောင်း သစ်တောဌာန၏ စာရင်းများအရ သိရသည်။

“အကျိုးသက်ရောက်မှု ကောင်းတယ်လို့ မြင်ပါတယ်။ အရင်တုန်းကတော့ ဒီလိုသတင်းပေးမှုတွေ ဖွင့်မထားတဲ့ အခါကျ သူတို့တိုင်ဖို့ သတင်းပေးဖို့ ဖုန်းနံပါတ်တွေ လိုက်ရှာရတာပေါ့။ အခုကျ တစ်နိုင်ငံလုံး ဖွင့်ပေးထားတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းအနေနဲ့က တော်တော်များများ သတင်းပို့တဲ့သူတွေ ရှိပါတယ်။ မိလည်းမိပါတယ်။ သူတို့ပေးတဲ့ သတင်းတွေကလည်း မှန်လည်းမှန်ပါ တယ်။ တချို့အနည်းငယ်တော့ သတင်းမှား တာလည်းရှိတယ်။ ဒါပေမဲ့ အများစုက သူတို့ပေးတာ မှန်ပါတယ်။ သူတို့သတင်းပေးလို့ ပိုပြီးတော့မိတာပါ။ အရင်ထက် သတင်းပေးမှု ပိုရတယ်။ သတင်းလည်း ပိုရတယ်” ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။

မန္တလေးတိုင်း သစ်တောဦးစီးဌာန အနေဖြင့် တရားမဝင်သစ် ဖမ်းဆီခြင်း လုပ်ငန်းများကို အဓိက အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိရာမှ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် နှစ်စဧပြီလမှ မတ်လကုန်အထိ တရားမဝင်သစ် ကျွန်း ၇၂၃ ဒသမ ၈၈၃၉ တန်၊ သစ်မာ ၁၂၀၁ ဒသမ ၁၇၅၄ တန်၊ အခြားသစ် ၁၁၁၁ ဒသမ ၀၄၁၄ တန်ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းတန် ၃၀၃၆ ဒသမ ၁၀၀၇ တန်ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇ -၂၀၁၈ ဘဏ္ဍရေးနှစ်တွင် တရားမဝင်သစ် ကျွန်း ၅၀၁ ဒသမ ၉၅၇၇ သစ်မာ ၁၁၁၅ ဒသမ ၇၄၈၄ တန် အခြားသစ် ၈၃၅ ဒသမ ၃၅၀၄ တန် စုစုပေါင်းတန် ၂၄၅၃ ဒသမ ၀၅၆၅ တန် ဖမ်းဆီးမူပြီး ယမန်နှစ်ထက်တန် ၆၀၀ လျော့နည်းစွာ ဖမ်းဆီးရမိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွန်ကြားရေးမှူးရုံးက သိရသည်။

 

Most Read

Most Recent