အေးသာယာမြို့တွင် အမှိုက်သိမ်းရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဖိုးလမင်းမိုးကုမ္ပဏီတို့ လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆို

အေးသာယာမြို့တွင် အမှိုက်သိမ်းရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဖိုးလမင်းမိုးကုမ္ပဏီတို့ လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆို
Published 9 April 2018

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် အမှိုက်သိမ်းဆည်းရန် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ဖိုးလမင်းမိုးကုမ္ပဏီတို့ လုပ်ငန်းသဘောတူ နှစ် ၃၀ စာချုပ်ချုပ်ဆိုခဲ့ကြောင်း အဆိုပါဌာနမှ သတင်းရရှိသည်။

ဧပြီ ၆ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ဖိုးလမင်းမိုးကုမ္ပဏီတို့ အေးသာယာ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ လက်ရှိတောင်ကြီးတွင် ‘မွှေးတောင်ကြီး’ အမှိုက်သိမ်းဆည်းရေးကုမ္ပဏီနှင့် ရှမ်းပြည်နယ် မြို့ခုနစ်မြို့တွင် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ ပုဂ္ဂလိကနှင့် ကန်ထရိုက်စာချုပ်ချုပ်ဆိုပြီးလုပ်သော လုပ်ငန်းများရှိပြီး ဖိုးလမင်းမိုးကုမ္ပဏီသည် ကိုးခုမြောက် အမှိုက်သိမ်းဆည်းရေးကုမ္ပဏီ ဖြစ်လာကြောင်း သိရသည်။

ထိုသို့ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများကို ကုမ္ပဏီနှင့်လုပ်ကိုင်ရခြင်း ရည်ရွယ်ချက်မှာ မြို့များတွင် လူဦးရေတိုးပွားလာခြင်း၊ သုံးစွဲသောအမှိုက်များ၊ နည်းစနစ်များ တိုးတက်ပြောင်းလဲလာခြင်း၊ (တစ်ခါသုံးများလာခြင်း) တို့ကြောင့် စည်ပင်သာယာရေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာခြင်း၊ လူ၊ စက်အင်အားနှင့် စီမံခန့်ခွဲရသောအချိန်များ လိုအပ်လာနေသဖြင့် နိုင်နင်းအောင် သိမ်းဆည်းရခြင်းသည် ငွေကြေးဘတ်ဂျက်အပေါ် မူတည်သဖြင့် လိုအပ်ချက်များအရ ပုဂ္ဂလိကကုမ္ပဏီ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများနှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလို စာချုပ်ချုပ်ဆိုနိုင်ဖို့ အေးသာယာမှာရှိတဲ့ တာဝန်ရှိသူ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ စည်ပင်သာယာကို ကုမ္ပဏီက ၂၀၁၇ ခုနှစ် စက်တင်ဘာလလောက်က အဆိုပြုထားတယ်။ သူ့လိုပဲ အေးသာယာမှာ အမှိုက်သိမ်းချင်ပါတယ်ဆိုပြီးတော့ ကုမ္ပဏီသုံးခုလောက် လာကမ်းလှမ်းဖူးတယ်။ လက်တွေ့ရှင်းပြလိုက်တော့ နောက်တစ်ခါ သူတို့တွေလုပ်နိုင်စွမ်းမရှိပါဘူးဆိုပြီး ပေါ်မလာတော့ဘူး။ ဖိုးလမင်းမိုးကုမ္ပဏီကနေ လုပ်ငန်းအတွေ့အကြုံပိုရချင်လို့ တစ်လ စမ်းသပ်အခမဲ့လုပ်တာ မြို့လူထုတောင်းဆိုလို့ ဒီဇင်ဘာအထိ အခမဲ့လုပ်ဖြစ်သွားတယ်။ အခုလည်း အခမဲ့သိမ်းနေတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်များလာတော့ စီးပွားရေးလုပ်ငန်းရှင်တွေထွက်တဲ့ အမှိုက်တွေကိုတော့ အခကြေးငွေနဲ့ပေါ့။ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ လုပ်ငန်းသဘောတူစာချုပ် ချုပ်လိုက်တာဖြစ်တယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးအေးကိုက ဆိုသည်။

 

Most Read

Most Recent