သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်အတွက် မြောက်ဦး သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်ဘုရားပွဲတော်၌ ညပွဲ ထည့်သွင်းကျင်းပမည်မဟုတ်ဟု သိရ

သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်အတွက် မြောက်ဦး သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်ဘုရားပွဲတော်၌ ညပွဲ ထည့်သွင်းကျင်းပမည်မဟုတ်ဟု သိရ
Published 9 April 2018

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်ကျင်းပမည့် သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ် ဘုရားပွဲတော်၌ ညပွဲထည့်သွင်းကျင်းပမည် မဟုတ်ဟု သိရှိရသည်။

အဆိုပါပွဲသည် ရခိုင်ပြည်နယ်အတွင်း အစည်ကားဆုံးဘုရားပွဲများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နတ်တစ်ရာ၊ ပတ်တစ်ရာနှင့် ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်သည့်ပွဲဖြစ်သည့်အပြင် ချောင်းအတွင်း လှေစီး၍ ရေပက်ခြင်းများကို ပြုလုပ်ကြလေ့ရှိသည့်အပြင် ကျင်ပွဲ၊ လှေပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပလေ့ရှိကြောင်း သိရသည်။

“ဒီနှစ်မှာ ညပွဲကို ထည့်သွင်းကျင်းပမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံခုနစ်ဦး သေဆုံးကာ အများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်ဆိုတော့ ညပွဲကိုမထည့်ဖို့ ဆရာတော်ကြီးတွေကလည်း သြဝါဒပေးတယ်ဆိုတော့ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ နောက်ထပ် ပြဿနာ တစ်စုံတစ်ခုမဖြစ်အောင် ကြိုတင်ပြင်ဆင်လိုက်တာဖြစ်တယ်။ ဒါပေမဲ့ နေ့ပွဲတွေကတော့ အရင်နှစ်တွေလို ကျင်ပွဲ၊ လှေပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်” ဟု သျှစ်သောင်းဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထိုသို့ ညပွဲထည့်သွင်းမကျင်းပသည့်အတွက် ပွဲတော်စည်ကားမှုရှိမည် မဟုတ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြပြီး ရပ်ဝေးရပ်နီးများကလည်း လာရောက်မှုနည်းနိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

မြောက်ဦးမြို့တွင် စာပေဟောပြောပွဲ ကျင်းပခွင့်မရသည့်ကိစ္စရပ်နှင့် ပတ်သက်၍ လူစုလူဝေးဖြစ်ပေါ်ရာမှ ရဲစခန်းရှေ့သို့ ရောက်သွားကြရာမှ သေနတ်ဖြင့်ပစ်ခတ်မှုအထိ ဖြစ်ပေါ်ခဲ့ကာ ခုနစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent