အတာသြင်္ကန်ဆင်နွှဲရန် နေရပ်ပြန်လာသူ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်နေ့ထက်တစ်နေ့ ပိုများလာခြင်းကြောင့် နေရပ်ပြန်ရန် ယာဉ်အခက်အခဲဖြစ်ပေါ်

အတာသြင်္ကန်ဆင်နွှဲရန် နေရပ်ပြန်လာသူ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်နေ့ထက်တစ်နေ့ ပိုများလာခြင်းကြောင့် နေရပ်ပြန်ရန် ယာဉ်အခက်အခဲဖြစ်ပေါ်
Published 9 April 2018

နေရပ်ပြန်လာသည့် မြန်မာအလုပ်သမားများအား ဧပြီ ၈ ရက်က တွေ့ရစဉ်

အတာသြင်္ကန်ဆင်နွှဲရန် နေရပ်ပြန်လာသူ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်နေ့ထက်တစ်နေ့ ပိုများလာခြင်းကြောင့် နေရပ်ပြန်ရန် ယာဉ်အခက်အခဲဖြစ်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်သော်လည်း အဝေးပြေးကားဝင်းမရှိခြင်း၊ သြင်္ကန်ခွင့်ပြန်သူများခြင်းကြောင့် ကားစီးရန်အခက်အခဲဖြစ်သလို ယာဉ်လက်မှတ်ဝယ်ယူရရှိရန် အခက်အခဲဖြစ်လျက်ရှိသည်။

ထို့ပြင် တရားဝင်မော်တော်ယာဉ်လိုင်းများတွင် ယာဉ်စီးခနှုန်းထား မြင့်တက်ခြင်းမရှိသော်လည်း မြို့တွင်း၊ ချစ်ကြည်ရေးတံတားထိပ်၌ လူခေါ်ပြီး ခရီးသည်ကြိုပို့လုပ်နေသည့် မော်တော်ယာဉ်များမှာ ပါးစပ်မှထွက်ဈေး ဖြစ်နေသည်။

ထိုင်းအစိုးရ၏ နိုင်ငံဖြတ်ကျော် ဝန်ဆောင်မှုအခမဲ့ သြင်္ကန်ခွင့်ပြန်ခရီးဖြစ်သော ဧပြီ ၈ ရက်တွင် နံနက် ၁၁ နာရီအထိ ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူ ၁၅၀၀၀ ကျော်ရှိကြောင်း ချစ်ကြည်ရေးတံတား မဲဆောက်ဘက်ကမ်း လဝကမှတ်တမ်းအရ သိရသည်။ ထို့ပြင် သောင်ရင်းဖြတ်ကျော် စက်လှေဂိတ်များမှလည်း ပြန်လာသူအများအပြားရှိသည့်အတွက် ဧပြီ ၈ ရက်တွင် နေရပ်ပြန်လာသူ ၂၀၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။

သြင်္ကန်ခွင့်ရက် ပထမနေ့ဖြစ်သော ဧပြီ ၅ ရက်တွင် ချစ်ကြည်ရေးတံတားပေါ်မှ ပြန်လာသူ ၃၀၀၀ ကျော်၊ ဧပြီ ၆ ရက်တွင် ၆၀၀၀ ကျော်၊ ဧပြီ ၇ ရက်တွင် ၁၂၀၀၀ ကျော်နှင့် ဧပြီ ၈ ရက်တွင် ၁၅၀၀၀ ကျော်ပြန်လာခဲ့ကြပြီး စက်လှေဂိတ်များကလည်း ထောင်နှင့်ချီ၍ ပြန်လာခဲ့ကြသည်။

နေရပ်ပြန် ခရီးသွားများခြင်းကြောင့် မြဝတီမြို့မှပြေးဆွဲနေသော ယာဉ်လိုင်းများရှိ ယာဉ်စီးရေနှင့် လုံလောက်မှုမရှိဘဲ လက်မှတ်ဝယ်ယူရခက်ခဲလျက်ရှိသည်။ သို့ဖြစ်၍ ပြင်ပမှ ယာဉ်လိုင်းမဲ့ပြေးဆွဲနေသော မော်တော်ယာဉ်များမှာ ဈေနှုန်းမြင့်တက်လျက်ရှိသည်။

မြဝတီနယ်စပ်မြို့မှ ရန်ကုန်မြို့သို့ ယာဉ်လိုင်း ၂၂ လိုင်း ပြေးဆွဲလျက်ရှိသလို နေပြည်တော်သို့ နှစ်လိုင်း၊ တောင်ကြီးသို့ နှစ်လိုင်း၊ မန္တလေးသို့ ခြောက်လိုင်း၊ တောင်ငူသို့ ၁၂ လိုင်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့သို့ တို့ညီနောင်ယာဉ်လိုင်းက ပြေးဆွဲလျက်ရှိသလို မုံရွာမြို့သို့ တို့လာဘ်မိုးသူ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်က ပြေးဆွဲလျက်ရှိသည်။

Most Read

Most Recent