ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းကျေးရွာရှိ ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (ရသေ့တောင်စခန်း) သစ်တောကြိုးဝိုင်း နယ်နိမိတ်အတွင်း တရားမဝင်အဆောက်အအုံများ ဆောက်လုပ်ထားသည်ဟုဆိုကာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးအား အမှုဖွင့်တိုင်ကြား

ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းကျေးရွာရှိ ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (ရသေ့တောင်စခန်း) သစ်တောကြိုးဝိုင်း နယ်နိမိတ်အတွင်း တရားမဝင်အဆောက်အအုံများ ဆောက်လုပ်ထားသည်ဟုဆိုကာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးအား အမှုဖွင့်တိုင်ကြား
Published 9 April 2018

ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းကျေးရွာရှိ ကျိုက်ထီးရိုး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော (ရသေ့တောင်စခန်း) သစ်တောကြိုးဝိုင်း နယ်နိမိတ်တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (ရသေ့တောင်စခန်း) သစ်တောကြိုးဝိုင်း နယ်နိမိတ်အတွင်း တရားမဝင်အဆောက်အအုံများ ဆောက်လုပ်ထားသည်ဟုဆိုကာ ရတနာရွှေဆင်ကြီး ဆောက်လုပ်ရေးကုမ္ပဏီ (ကျိုက်ထီးရိုး ကေဘယ်ကားစီမံကိန်း၌ အဆောက်အအုံများ တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီ) မှ တာဝန်ရှိသူတစ်ဦးအား ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာန အုပ်ချုပ်ရေးမှူး ဦးမင်းမင်းသိုက် (ဦးစီးအရာရှိ) က အမှုဖွင့်တိုင်ကြားထားသည်ဟု သိရသည်။

ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာန အုပ်ချုပ်ရေးမှူး ဦးမင်းမင်းသိုက် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများ၊ ရသေ့တောင်စခန်း ရာအိမ်မှူး ဦးသိန်းလွင်နှင့် သက်သေများက ဧပြီ ၆ ရက်က အဆိုပါ ကျိုက်ထီးရိုးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (ရသေ့တောင်စခန်း) သို့ သွားရောက်စစ်ဆေးရာ ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (ရသေ့တောင်စခန်း) နေရာ၌ မြေဧရိယာ ၃ ဒသမ ၅ ဧကပေါ်တွင် ရတနာရွှေဆင်ကြီး ဆောက်လုပ်ရေးကုမ္ပဏီက ၁၁၀ × ၃၈ ပေရှိ တစ်ထပ်ဝန်ထမ်းသက်သာ စားသောက်ဆိုင်တစ်လုံး၊ ၂၇ × ၆၀ ပေရှိ နှစ်ထပ်မီးဖိုဆောင်တစ်လုံး၊ ၃၂ × ၃၈ ပေရှိ တစ်ထပ်ဘန်ဂလိုသုံးလုံး၊ ၃၂ × ၄၀ ပေရှိ တစ်ထပ်မီးဖိုဆောင်တစ်လုံး၊ ၂၀ × ၅ ပေရှိ အိမ်သာနှစ်လုံး စုစုပေါင်းအဆောက်အအုံရှစ်လုံးကို တရားမဝင်အခိုင်အမာ ဆောက်လုပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ထိုသို့အဆောက်အအုံများ ဆောက်လုပ်ထားမှုနှင့်ပတ်သက်၍ ဦးမင်းမင်းသိုက်က အရေးယူပေးပါရန် ကင်မွန်းချောင်းနယ်မြေရဲစခန်းသို့ ဧပြီ ၇ ရက်က လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

“ကျိုက်ထီးရိုးဘေးမဲ့တောမှာ ခွင့်ပြုချက်မရှိဘဲနဲ့ အဆောက်အအုံတွေ ဆောက်တဲ့အတွက် အခုလို အမှုဖွင့်တိုင်ကြားထားတာ ဖြစ်ပါတယ်။ တိုင်ကြားတာက ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာန အုပ်ချုပ်ရေးမှူး ဦးမင်းမင်းသိုက် (ဦးစီးအရာရှိ) က တရားလိုပြုလုပ်ပြီး တိုင်ကြားပါတယ်။ လက်ရှိ ဒီအမှုနဲ့ပတ်သက်ပြီးတော့ တရားလို ဦးမင်းမင်းသိုက်နဲ့ တရားလိုပြသက်သေတွေကို စစ်ဆေးနေပါတယ်။ နောက်စာရွက်စာတမ်းတွေကို ရဲလုပ်ငန်းနဲ့အညီ သိမ်းဆည်းပါတယ်။ စွပ်စွဲခံရသူကိုတော့ လာရောက်ဖြေရှင်းဖို့ ဆက်သွယ်ထားပါတယ်” ဟု ကင်မွန်းချောင်း နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်သူရက ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသည့် ကိစ္စများသည် မြန်မာကုမ္ပဏီတစ်ခုအား ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားစာများ ပေးပို့သွားမည့်အပြင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာရွှေဆင်ကြီး ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျိုက်ထီးရိုး သစ်တောကြိုးဝိုင်းနယ်နိမိတ်အတွင်း တရားမဝင်အဆောက်အအုံများ ဆောက်လုပ်ထားသူ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်နေ ရတနာရွှေဆင်ကြီး ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်နုနုရီ (၅၈) နှစ် (ဘ) ဦးထွန်းအောင်အား အရေးယူပေးပါရန် ကင်မွန်းချောင်း နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် ရဲစခန်းက (ပ) ၃၆/၂၀၁၈၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၃၆ (ဂ) အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent