ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာတွင် ဒေသခံများ တားမြစ်ခဲ့သော်လည်း သုသာန်သစ် တည်ဆောက်နေမှုကို ဖျက်သိမ်းပေးရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြတောင်းဆို

ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာတွင် ဒေသခံများ တားမြစ်ခဲ့သော်လည်း သုသာန်သစ် တည်ဆောက်နေမှုကို ဖျက်သိမ်းပေးရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြတောင်းဆို
Published 9 April 2018

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်ရှိ ကျုံကျိုက်ကျေးရွာတွင် ဒေသခံရွာသားများက တားမြစ်ခဲ့သော်လည်း သုသာန်သစ် တည်ဆောက်နေမှုကြောင့် ဖျက်သိမ်းပေးပါရန် ဒေသခံ ၁၀၅ ဦး လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

သုသာန်သစ် တည်ဆောက်ရာနေရာမှာ ကျုံကျိုက်ကျေးရွာ၏ မျက်နှာစာဖြစ်ပြီး ဖျာပုံမြို့နှင့် ဆက်သွယ်ထားသော လမ်းကြီးဘေးတွင်ဖြစ်ခြင်း၊ လယ်ယာလုပ်ငန်း လုပ်ကိုင်လျက်ရှိသော လယ်မြေများကို ဝယ်ယူလုပ်ကိုင်ခဲ့ခြင်းကြောင့် လယ်ယာမြေချင်း စပ်ဆက်လျက်ရှိသည့် လယ်ပိုင်ရှင်များ အခက်တွေ့ရခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရသောကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်သံဃာတော်များနှင့် ဒေသခံရွာသူရွာသားများက ကန့်ကွက်ခဲ့သော်လည်း သုသာန်အား ဆက်လက်တည်ဆောက်ခဲ့သောကြောင့် သုသာန်ကို ဖျက်သိမ်းပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရွာမှာ ရှေးလူကြီးသူမတွေက ဉာဏ်အမြော်အမြင်နဲ့ ရွာရဲ့တစ်ဖက်ကမ်းမှာ သချုႋင်းတစ်ခု သတ်မှတ်ထားခဲ့တယ်။ ဒီနေရာမှာ အခြားရွာလေးရွာလည်း လာရောက်ပို့ဆောင်ကြပါတယ်။ အခုက မလျော်သြဇာသုံးပြီး မဖြစ်ဖြစ်အောင် သုသာန်လုပ်မယ်ဆိုပြီး လုပ်နေခဲ့တာပါ။ အရင် သချုႋင်းနေရာမှာလည်း မီးသြင်္ဂိုဟ်စက်ဆောက်မယ်ဆိုရင် တခြားရွာတွေပါ ဆက်သုံးနိုင်မှာပါ။ အခုလိုလုပ်နေတာဟာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်” ဟု ကျုံကျိုက်ဒေသခံ ဦးတေဇာလွင်က ပြောကြားသည်။

သုသာန်အား ဦးဆောင်ပြုလုပ်သူများအဖွဲ့က သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ တရားဥပဒေအရ ခွင့်ပြုချက်မရသေးမီ သုသာန်အဖြစ်သတ်မှတ်ခြင်း၊ ဇရပ်ဆောက်လုပ်ခြင်း၊ မီးသြင်္ဂိုဟ် စက်တည်နေသည်မှာ ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ဥပဒေမဲ့ဆောင်ရွက်နေခြင်းအား ထိရောက်စွာအရေးယူပေးရန် တင်ပြတိုင်ကြားရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“အခုလို သုသာန်တည်ဆောက်တဲ့ဘက်ကလူတွေက ပြောတယ်။ တိုင်းမင်းကြီးအမိန့်နဲ့လုပ်တာ။ ဘယ်သူတားတားမရဘူးဆိုပြီး ကြွေးကြော်ပြီးလုပ်နေတာပါ။ ဒေသခံကို ကြိုပြီးမညှိနှိုင်းဘဲ အခုလိုမလျော်သြဇာသုံးပြီး လုပ်တာပါ။ ဒါကို ထိရောက်ကာကွယ်မှုမျိုးပေးနိုင်ဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ရတာပါ” ဟု ကျုံကျိုက်ဒေသခံ ဦးစိုးနိုင်က ပြောကြားသည်။

ယင်းသုသာန်အား လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျှောက်ထားချိန်မှစတင်ကာ တည်ဆောက်နေမှုကြောင့် ကျေးရွာသူရွာသားများက ကန့်ကွက်ခြင်း၊ တိုင်ကြားခြင်းတို့အား ၂၀၁၇ ခုနှစ် စက်တင်ဘာမှစတင်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအစိုးရရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ နိုင်ငံတော်သမ္မတရုံး စသည့်နေရာများသို့ တင်ပြတိုင်တန်းခဲ့သော်လည်း မတ် ၂ ရက်တွင် နိုင်ငံတော်သမ္မတရုံးက တိုင်စာအား လက်ခံရှိကြောင်း အကြောင်းကြားစာတစ်စောင်သာ ပြန်လည်ရောက်ရှိခဲ့ပြီး ယခုအချိန်အထိ တစ်စုံတစ်ရာ စစ်ဆေးဖြေရှင်းပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent