ယခုလ ဒုတိယပတ်အတွင်း ရန်ကုန်နှင့်ဧရာဝတီတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုပူပြင်းနိုင်

ယခုလ ဒုတိယပတ်အတွင်း ရန်ကုန်နှင့်ဧရာဝတီတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုပူပြင်းနိုင်
Published 9 April 2018

ယခုလ ဒုတိယပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုပူပြင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ဒုတိယ ၁၀ ရက်ပတ် မိုးလေဝသ ခန့်မှန်းချက်အရ သိရသည်။

ခန့်မှန်းချက်တွင် ဧပြီလ ဒုတိယ ၁၀ ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် သင့်အတင့်မှ တိမ်ထူထပ်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှု အခြေအနေသည် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကြောင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

အပူချိန်များအနေဖြင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ပိုနိုင်ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း သိရသည်။

“ဒုတိယ ၁၀ ရက်ပတ်မှာ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်တော့ဖြစ်နိုင်တယ်။ ဖြစ်ဖို့တော့ အလားအလာနည်းတယ်။ မိုးနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းနဲ့ တောင်ပိုင်းတွေမှာတော့ ပုံမှန်ထက် အနည်းငယ်ပိုနိုင်ပြီးတော့ ကျန်တဲ့နေရာတွေက ပုံမှန်လောက်ပဲ ရွာနိုင်မယ့်အနေအထားရှိတယ်။ နေ့အပူချိန်ကလည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာတော့ ပုံမှန်ထက် အနည်းငယ်ပိုနိုင်တယ်။ ကျန်တဲ့နေရာတွေကတော့ ပုံမှန်အပူချိန်လောက်ပဲရှိနိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်

Most Read

Most Recent