ဘူးသီးတောင်၊ မောင်တောဒေသတွင် UEHRD စေတနာ့ဝန်ထမ်းလူငယ်များ (ဆဋ္ဌမအဖွဲ့) ၏ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး လုပ်ငန်းများ ဧပြီ ၂၅ ရက်တွင် စတင်မည်

ဘူးသီးတောင်၊ မောင်တောဒေသတွင် UEHRD စေတနာ့ဝန်ထမ်းလူငယ်များ (ဆဋ္ဌမအဖွဲ့) ၏ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး လုပ်ငန်းများ ဧပြီ ၂၅ ရက်တွင် စတင်မည်
Published 8 April 2018

UEHRD စေတနာ့ဝန်ထမ်းလူငယ်များ ရခိုင်ပြည်နယ်အတွင်း လုပ်အားပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-UEHRD)

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသအတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) စေတနာ့ဝန်ထမ်းလူငယ်များ ဆဋ္ဌမအဖွဲ့၏ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေးလုပ်ငန်းများ ဧပြီ ၂၅ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

UEHRD စေတနာ့ဝန်ထမ်း လူငယ်များ ဆဋ္ဌမအဖွဲ့အနေဖြင့် ဧပြီ ၂၁ ရက်တွင် ရန်ကုန်သင်တန်းကျောင်းသို့ သတင်းပို့ခြင်း၊ ၂၂ ရက်မှ ၂၄ ရက်အထိ စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် သင်တန်းများပြုလုပ်ပြီး ဧပြီ ၂၅ ရက်တွင် ရန်ကုန်မှ စစ်တွေသို့ ကားဖြင့်ထွက်ခွာမည်ဖြစ်ကြောင်း၊ ၂၇ ရက်တွင် စစ်တွေမှ ဘူးသီးတောင်-မောင်တောဒေသသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း၊ ဧပြီ ၂၈ ရက်မှစတင်ပြီး ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မေ ၁၀ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် ပါဝင်လိုသူ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) စေတနာ့ဝန်ထမ်းလူငယ်များ ပဉ္စမအဖွဲ့၏ လုပ်အားပေးအစီအစဉ်တွင် ပါဝင်သည့်လူငယ်များသည် လုပ်အားပေး အစီအစဉ်များကို မတ်လပထမပတ်အတွင်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မတ် ၃ ရက်တွင် ဘူးသီးတောင်မြို့နယ် စံကိုးထောင်ရွာ၊ ဥယျာဉ်သာရွာ၊ သျှစ်သျှားတောင်ရွာနှင့် နွားရုံးတောင်ရွာသို့လည်းကောင်း၊ မောင်တောမြို့နယ် ငွေတောင်ရွာ၊ သာယာကုန်းရွာ၊ သစ်တောရွာနှင့် ရွာသာယာရွာသို့လည်းကောင်း လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရန် အဖွဲ့လိုက် ကွင်းဆင်းစာရင်းကောက်ယူခဲ့ပြီး မတ် ၄ ရက်တွင် အဆိုပါရွာများသို့သွား၍ ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ပဲ၊ ကြက်သွန်၊ အာလူးနှင့် နို့မှုန့်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မတ် ၅ ရက်တွင် ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကျေးရွာ၊ မောင်တောမြို့နယ် ရွှေဇား (မြောက်) ရွာနှင့် ရွှေဇား (အလယ်) ကျေးရွာများသို့လည်းကောင်း စာရင်းကောက်ယူခဲ့ပြီး မတ် ၆ရက်တွင် ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ပဲ၊ ကြက်သွန်၊ အာလူးနှင့် နို့မှုန့်တို့ကို ပြည်သူများလက်ဝယ် ထောက်ပံ့ခဲ့သည်။

မတ် ၆၊ ၇ ရက်များတွင် ဘူးသီးတောင်မြို့နယ် အင်ချောင်းကျေးရွာနှင့် လက်ဝဲဒက်ပြင်ရှည်ကျေးရွာ၊ မောင်တောမြို့နယ် ကျောက်လှေကားကျေးရွာနှင့် သဲဖြူချောင်းကျေးရွာ၊ မတ် ၁၀ ရက်တွင် ဘူးသီးတောင်မြို့နယ် ကကျက်ဘက် (တ) ကျေးရွာ၊ မောင်တောမြို့နယ် သဲချောင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာနှင့် သင်္ဘောလှကျေးရွာများသို့လည်းကောင်း၊ မတ် ၁၁ ရက်တွင် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည်ကျေးရွာနှင့် သစ်တောကျေးရွာ၊ မတ် ၁၂ ရက်တွင် ဘူးသီးတောင်မြို့နယ် ဂန္ဓာမာကျေးရွာ၊ မောင်တောမြို့နယ် လေးမိုင်ကျေးရွာအုပ်စု၊ လေးမိုင်ကျေးရွာများသို့လည်းကောင်း ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ပဲ၊ ကြက်သွန်၊ အာလူးနှင့် နို့မှုန့်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“UEHRD က ပြည်သူကို အခြေခံပြီးတော့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ရှိရင် အားလုံးပူးပေါင်းပါဝင်ရမှာ၊ ပြဿနာကို ဖြေရှင်းရမှာက အစိုးရရဲ့တာဝန်ဖြစ်ပါတယ်။ ပြည်သူနဲ့ ပူးပေါင်းဖြေရှင်းရမှာ ဖြစ်ပါတယ်။ အစိုးရရဲ့တာဝန်ဖြစ်တဲ့အတွက် အစိုးရဟာ ဒီတာဝန်ကို ထပ်ခါထပ်ခါ ဖြေရှင်းနေမယ်၊ ဒီဒေသဟာလည်း ဒီလိုပဲထပ်ခါထပ်ခါ ပြန်ဖြစ်နေမယ်ဆိုရင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

Most Read

Most Recent