လက်ရှိဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်ပတ်အလိုအထိ နယ်စပ်ကုန်သွယ်မှု ပမာဏသည် ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ရှစ်ရာခိုင်နှုန်းကျော် မြင့်တက်

လက်ရှိဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်ပတ်အလိုအထိ နယ်စပ်ကုန်သွယ်မှု ပမာဏသည် ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ရှစ်ရာခိုင်နှုန်းကျော် မြင့်တက်
Published 8 April 2018

မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်ပတ်အလိုအထိ နယ်စပ်ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ရှစ်ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မတ် ၂၃ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၇၅၉၀ ဒသမ ၄၇၆ သန်းသာ ရရှိခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကာလတူတွင်မူ အမေရိကန်ဒေါ်လာ ၈၂၇၀ ဒသမ ၁၅၁ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ နယ်စပ်ကုန်သွယ်မှု ပမာဏများကို နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်မှု ပမာဏထက် ၈ ဒသမ ၂၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်ရတဲ့ ကုန်သွယ်မှု ပမာဏဟာ သမိုင်းတစ်လျှောက်မှာ မနှစ်ကထက် ပိုမြင့်မားလာမယ့် အခြေအနေတွေရှိတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၂၃ ရက်အထိ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၈၂၇၀ ဒသမ ၁၅၁ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၆၇၉ ဒသမ ၆၇၅ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ပြီး ပို့ကုန်ကဏ္ဍသည် ဒေါ်လာ ၅၃၈၁ သန်းကျော်နှင့် သွင်းကုန်ပမာဏသည် ဒေါ်လာ ၂၈၈၈ သန်း ကျော် ရရှိထားခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်မှု ပမာဏအနက် ပို့ကုန်ကဏ္ဍတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၅၅၉ ဒသမ ၇၆၈ သန်း ပိုမိုရရှိခဲ့ပြီး သွင်းကုန်ကဏ္ဍတွင် ဒေါ်လာ ၁၁၉ ဒသမ ၉၀၇ သန်း ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်ပတ်အလိုအထိ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနစာရင်းများအရ သိရသည်။

Most Read

Most Recent