မန္တလေးခရိုင်တွင် ယခုနှစ် သုံးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးနှင့် ဒဏ်ရာရရှိသူ ယခင်နှစ်ကာလတူထက် များလာ

မန္တလေးခရိုင်တွင် ယခုနှစ် သုံးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးနှင့် ဒဏ်ရာရရှိသူ ယခင်နှစ်ကာလတူထက် များလာ
Published 8 April 2018

မန္တလေးခရိုင်အတွင်း ယခုနှစ် သုံးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ ယခင်နှစ်ကာလတူထက်များလာကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲ (မန္တလေး)မှ သတင်းရရှိသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီမှ မတ်အထိ ယာဉ်တိုက်မှု ၁၁၆ မှု၊ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၄ ဦး ရှိခဲ့ပြီး ယခင်နှစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ မတ်အထိ ဖြစ်ပွားမှုအားကြည့်လျှင် ယာဉ်တိုက်မှု ၇၈ မှု၊ သေဆုံးသူ ၄၃ဦးနှင့် ဒဏ်ရာရရှိသူ ၅၁ ဦး ရှိခဲ့သောကြောင့် ယခုနှစ်သည် ယခင်နှစ်ထက်များလာကြောင်း စာရင်းဇယားများအရ သိရသည်။

ယခုနှစ် သုံးလအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုများမှာ ဆိုင်ကယ်ချင်းတိုက်မှု ၂၅ မှု သေဆုံး ကိုးဦး ဒဏ်ရာ ၃၄ ဦး၊ ဆိုင်ကယ်နှင့် ယာဉ်တိုက်မှု ၂၀ မှု သေဆုံးကိုးဦး ဒဏ်ရာရ ၂၅ ဦး၊ ဆိုင်ကယ်တိမ်းမှောက်မှု ငါးမှု သေဆုံး လေးဦး ဒဏ်ရာတစ်ဦး၊ ဆိုင်ကယ်မှအခြားတိုက်မှု ကိုးမှု သေဆုံး ကိုးဦး ဒဏ်ရာ နှစ်ဦး၊ ဆိုင်ကယ်မှ လူတိုက်မှုခြောက်မှု သေဆုံးလေးဦး ဒဏ်ရာ လေးဦးရှိခဲ့ပြီး ကားပါဝင်သောယာဉ်တိုက်မှု ၅၁ မှု သေဆုံး ၂၃ ဦး ဒဏ်ရာ ၄၈ ဦး ရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုများတွင် မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံးဖြစ်နေပြီး အရှိန်ပြင်းမောင်းနှင်မှု၊ ယာဉ်မောင်းမကျွမ်းမှု၊ မူးယစ်မောင်းနှင်မှုတို့ကြောင့်လည်းဖြစ်ကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးထံမှ သိရသည်။

မန္တလေးမြို့အတွင်း အချက်အချာကျသည့် လမ်းဆုံများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဦးစီး၍ အခြားသက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်အတူ နေ့ပိုင်းစစ်ဆေးရေးအဖွဲ့ ခုနစ်ဖွဲ့ဖြင့် နေ့ပိုင်းစည်းကမ်းပျက် ယာဉ်များအား ပညာပေးခြင်း၊ စစ်ဆေးအရေးယူခြင်း၊ ညပိုင်းတွင် ကျုံးပတ်လည်လမ်းများနှင့် အချက်အချာကျသည့် လမ်းဆုံများမှ အိပ်ဇောစက်သံဆူညံသော ဆိုင်ကယ်နှင့် အသွင်သဏ္ဌာန်တူယာဉ်များအား စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent