မောင်တော မြောက်ပိုင်းသို့ ဝင်ရောက်လာသော တိုင်းရင်းသား မျိုးနွယ်စုများနှင့် ဒေသခံ တိုင်းရင်းသားများအား ကူညီစောင့်ရှောက်ရန် အရေးကြီးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား

မောင်တော မြောက်ပိုင်းသို့ ဝင်ရောက်လာသော တိုင်းရင်းသား မျိုးနွယ်စုများနှင့် ဒေသခံ တိုင်းရင်းသားများအား ကူညီစောင့်ရှောက်ရန် အရေးကြီးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား
Published 8 April 2018

မောင်တောမြို့နယ်သို့ ထွက်ပြေး ရောက်ရှိလာသည့် တိုင်းရင်းသား မျိုးနွယ်စုများအား CRR က ကူညီထောက်ပံ့မှုများ ပြုလုပ်နေသည်ကို ဧပြီလ ပထမပတ်အတွင်း တွေ့ရစဉ်

ရခိုင်ပြည်နယ် မောငေ်တာ မြောက်ပိုင်းသို့ ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသော တိုင်းရင်းသား မျိုးနွယ်စုများနှင့် ဒေသခံ တိုင်းရင်းသားများကို ကူညီစောင့်ရှောက်ပေးရန် အရေးကြီးကြောင်း မောင်တော မြောက်ပိုင်းသို့ သွားရောက် လေ့လာခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းမှ ရခိုင်ပြည်နယ် အတွင်းသို့ ခိုလှုံ ရောက်ရှိလာသော မြိုနှင့် ရခိုင်တိုင်းရင်းသား ၃၀၀ ကျော်တို့ မောင်တောမြို့နယ် မြောက်ပိုင်းတွင် နေထိုင်ကြရသော်လည်း ကူညီထောက်ပံ့မှု နည်းပါးပြီး အစိုးရအနေဖြင့် ဘင်္ဂါလီများ ဝင်ရောက်လာရေး တစ်ခုတည်းကိုသာ အလေးထား မဆောင်ရွက်သင့်ကြောင်းနှင့် တိုင်းရင်းသားများကိုလည်း အလေးထား ကူညီ စောင့်ရှောက်သင့်ကြောင်း ပြောဆိုသည်။

ယင်းနှင့် ပတ်သက်ပြီး ဦးဦးလှစောက “ဘင်္ဂါလီတွေ အမျိုးမျိုး အနှောင့်အယှက် ပေးတဲ့အတွက် စိုးရိတ်ထိတ်လန့်ပြီး ထွက်ပြေးလာတဲ့ မြိုတိုင်ရင်းသားတွေကို တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ CRR အနေနဲ့ အကူအညီတွေ ပေးခဲ့တယ်။ မြိုတွေဟာ သစ်တုံးနားခွဆုံအုပ်စုမှာ နေရာနှစ်ခုခွဲပြီး နေထိုင်ကြတယ်။ ကလေးတွေ အတော်များတယ်။ မြိုလူမျိုး ၂၅၀ လောက် ရှိတယ်။ ရခိုင်တွေကတော့ အောင်သပြေက ကျောင်းတစေ်ကျာင်းမှာ တွေ့ခဲ့တယ်။ ကျွန်တော်တို့ နိုင်သလောက် လှူဒါန်းခဲ့တယ်။ အဲဒီမှာ မြိုမိသားစုနေတဲ့ အခြေအနေက အတော်လေး ဆိုးတယ်။ လောလောဆယ် ထမင်းတစ်လုတ် စားဖို့တော့ ရှိတယ်။ ရေရှည်အတွက်တော့ အဲဒီနေရာမှာ မသင့်တော်ဘူးလို့ မြင်တယ်။ အစိုးရက ကူညီစောင့်ရှောက်မှုပေးရင် အလုပ်လုပ်မယ်။ တောင်ယာခုတ်မယ် ဆိုတဲ့သဘော ရှိတယ်။ ဒီနေ့အထိတော့
သက်ဆိုင်ရာက ရှေ့ရေးအတွက် လာရောက် ဆွေးနွေးတာ မရှိသေးဘူးလို့ သိရတယ်”ဟု ပြောကြားသည်။

ထို့ပြင် မြိုဆိုသည်မှာလည်း ရခိုင်တို့၏ မျိုးနွယ်စုဝင်များ ဖြစ်ကြောင်း၊ ရခိုင် တိုင်းရင်းသားများကို အားကိုးလျက် ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော တိုင်းရင်းသားများ ဖြစ်သည့်အတွက် ကြိုဆိုရမည် ဖြစ်ကာ လုပ်ကိုင် စားသောက်ရေးအတွက် နေရာချထား ဆောင်ရွက် ပေးသင့်ကြောင်း၊ မောင်တော မြောက်ပိုင်းတွင် လုပ်ကိုင် စားသောက်၍ ရနိုင်သည့် တောင်ကုန်း၊ တောင်တန်းများ၊ လယ်ကွင်းများ ရှိကြောင်း၊ ယင်းတို့မှာ လုပ်ကိုင် စားသောက်ရန် အဆင်သင့်ရှိသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

“သူတို့ဟာ ကျွန်တော်တို့ မျိုးရင်းတွေပေါ့။ ဒါကြောင့် လုပ်ကိုင် စားသောက်ဖို့ လုပ်ဆောင်ပေးမယ်။ နေရာထိုင်ခင်းတွေ လုပ်ပေးမယ်ဆိုရင် ဒီဒေသမှာ အခြေချမယ့်လူဦးရေ တိုးလာမှာ ဖြစ်တယ်။ ဆက်လက် ရှင်သန်ဖို့အတွက် အများကြီး အထောက်အကူ ပြုနိုင်တယ်လို့ မြင်ပါတယ်။ ဒီကိစ္စကို ပြည်နယ်အစိုးရဘက်ကလည်း သေချာ စဉ်းစားပြီးတော့ လုပ်ပေးဖို့ လိုတယ်။ ဒီလူတွေကို ဦးစားပေး လုပ်ဆောင်ပေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်ခါလာရင် ဟိုက ပြန်ဝင်လာမယ့် ဘင်္ဂါလီအရေးကိုပဲ ဇောင်းပေးနေတာထက် အဲဒီအရေးကိုလည်း ဇောင်းပေးပါ။ ဒီမှာရှိနေတဲ့ ရခိုင်တွေ၊ မြိုတွေ၊ ဒိုင်းနက်တွေ၊ သက်တွေကို ထွက်မသွားဖို့ အတွက်လည်း ဦးစားပေး လုပ်ပေးဖို့လိုတယ်လို့ မြင်ပါတယ်” ဟုလည်း ဦးဦးလှစောက ပြောကြားသည်။

သို့သော်လည်း လက်ရှိတွင် သက်လူမျိုးများ အနေဖြင့် ဒေသ စွန့်ခွာသွားနေသည်ကိုလည်း တွေ့ရှိခဲ့ကြောင်း၊ သက်လူမျိုးများ ဒေသစွန့်ခွာ၍ သွားနေကြသည်မှာ စိတ်မကောင်းစွာ ကြားသိခဲ့ရကြောင်း၊ ကြောက်၍ စွန့်ခွာသွားသည် ဆိုပါက တခြားလူမျိုးများ ဖြစ်သည့် မြို၊ ဒိုင်းနက်၊ ရခိုင်များလည်း ရှိနေကြောင်း၊ ကြောက်၍ ထွက်ပြေးသည် ဆိုသည်ကို လက်ခံနိုင်စရာ အကြောင်းမရှိကြောင်း ပြောကြားသည်။

“ကြောက်လို့ ထွက်ပြေးတာ ဆိုမျိုးကိုတော့ သိပ်လက်မခံဘူး။ ဒီနေရာမှာ ကြံ့ကြံ့ခံတဲ့ အနေနဲ့ အခက်အခဲကို အတူတကွ ရင်ဆိုင်ဖြေရှင်းရမယ်။ သတင်းတစ်ခုမှာ ကြားလိုက်တယ်။ သက်တွေကို အမ်းဘက်မှာသွားပြီး နေထိုင်ခွင့် ပေးထားတယ်လို့ ပြောတယ်။ ဒါဟာ သက်ဆိုင်ရာက တရားဝင် ပေါ်လစီတစ်ခုနဲ့ လုပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ လက်မခံဘူး။ အဲဒီနေရာမှာပဲ လုံခြုံရေးတွေ အပြည့်ချထားမယ်။ လုပ်ကိုင်စားသောက်ဖို့ အခွင့်အရေးတွေ ဖန်တီးပေးမယ်။ လူဦးရေ များလာအောင် ထားရမယ်။ ဟိုဘက်က ဘင်္ဂါလီတွေ ဝင်လာမယ် ဆိုရင်တော့ လူဦးရေညီမျှအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်။ အဲဒီလိုမလုပ်ဘဲ သက်တွေကို တခြားနေရာမှာ သွားနေခိုင်းတယ် ဆိုတာမျိုးတော့ ကောင်းတဲ့မူ မဟုတ်ဘူး။ နောက်ပြီး အဲဒီလို လုပ်တာကလည်း ပြည်နယ်အစိုးရရဲ့သဘောထားလား၊ တစ်သီးပုဂ္ဂလလား၊ အမတ်တွေက လုပ်တာလား ဆိုတာတော့ ကျွန်တော်တို့ မသိသေးဘူး။ ကြံ့ကြံ့ခံပြီး နေထိုင်နိုင်အောင် ကြိုးစားရမှာက အဓိကသာ ဖြစ်တယ်”ဟုလည်း ဦးဦးလှစောက ပြောကြားသည်။

Most Read

Most Recent