<

မောင်တောမြို့နယ်တွင် ဆိုင်ကယ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် ဘင်္ဂါလီလူငယ်နှစ်ဦးအား ဖမ်းဆီးရမိ

မောင်တောမြို့နယ်တွင် ဆိုင်ကယ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် ဘင်္ဂါလီလူငယ်နှစ်ဦးကို ဧပြီ ၆ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၆ ရက် ညနေ ၅ နာရီတွင် မူးယစ်တပ်ဖွဲ့စု (၄၆) မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် လဘော်ဇားရဲကင်းတံတားထိပ်တွင် မာမောက်ဟာဆောင်း မောင်းနှင်ပြီး ဂျာဖော်အာလောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရှာဖွေရာ တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၉၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် မာမောက်ဟာဆောင်း (၁၉ နှစ်) နှင့် ဂျာဖော်အာလောင် (၁၉ နှစ်) တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် နေရပ်စွန့်ခွာသွားခြင်းမရှိသည့် ဘင်္ဂါလီမွတ်စလင်တချို့ ပါဝင်ပတ်သက်မှုရှိနေကြောင်း ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မတ် ၂၇ ရက်ကလည်း မောင်တောမြို့နယ် နတ်မြစ်အတွင်း ငွေကျပ် ၃၅၂၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၆၄၀၀ ပြားကို ဘင်္ဂါလီသုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ မတ် ၂၃ ရက် နံနက်ပိုင်းက မောင်တောမြို့အနီး ပင်လယ်ပြင်အတွင်း ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ဘင်္ဂါလီငါးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

April 7, 2018














Copy Protected by Chetan's WP-Copyprotect.