<

ဟုမ္မလင်း-နမ့်တောပြေးဆွဲနေသော ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ခရီးသည်နှစ်ဦးဒဏ်ရာရ

ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ-အောင်အောင်)

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ ဟုမ္မလင်း-နမ့်တောပြေးဆွဲနေသော ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ခရီးသည်နှစ်ဦး ထိခိုက်ဒဏ်ရာရကာ သေဆုံးသူမရှိကြောင်း သိရသည်။

ဧပြီ ၆ ရက် ညနေ ၅ နာရီခွဲခန့်တွင် ဟုမ္မလင်း-နမ်တောသွားကားလမ်း ခေါက်ငိုးကျေးရွာနှင့် နောင်ခမ်းကျေးရွာအကြား နောင်ညိုချောင်းကူးတံတားပေါ်မှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟုမ္မလင်း-နမ့်တောပြေးဆွဲနေသော လမင်းသာမော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းအောင်ကျော်မိုး မောင်းနှင်သည့် ခရီးသည်ခြောက်ဦးပါ ခရီးသည်တင်မှန်လုံယာဉ်သည် နမ့်တော-ဟုမ္မလင်းသွားကားလမ်း ခေါက်ငိုးကျေးရွာနှင့် နောင်ခမ်းကျေးရွာအကြား နောင်ညိုချောင်းကူးတံတား အရောက်တွင် ကားယာဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တံတား၏ယာဘက်ခြမ်း လက်ရန်းအား ပွတ်တိုက်မိပြီး ချောင်းအတွင်း ထိုးကျတိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်ပါသူ ခရီးသည်များအနက် ကျော်ငွေနှင့် မဌေးရီတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသူမရှိကြောင်း သိရသည်။

“နှစ်ယောက်တော့ ဒဏ်ရာရလို့ ဆေးရုံတင်ရတယ်။ သိပ်ပြီးစိုးရိမ်စရာတော့ မရှိဘူးလို့သိရတယ်။ သေတဲ့လူတော့ မရှိဘူး” ဟု ဒဏ်ရာရသူများကို သယ်ယူပို့ဆောင်ပေးခဲ့သော နမ့်တောလူမှုကူညီရေးအသင်းမှ သိရသည်။ ထိုယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ မော်တော်ယာဉ်အား ပေါ့လျော့စွာ မဆင်မခြင်မောင်းနှင်မှုကြောင့် ခရီးသည်ကို ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်သူ အောင်ကျော်မိုးအား ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

April 7, 2018














Copy Protected by Chetan's WP-Copyprotect.