<

စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ရှစ်မြို့နယ်တွင် ဧပြီလပထမပတ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀၀ ကျော် ပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုလဲပျက်စီးခဲ့စဉ်

စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ပေါင်း ရှစ်မြို့နယ်တွင် ဧပြီလပထမအပတ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀၀၀ ကျော်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံး၏ မှတ်တမ်းများအရ သိရသည်။

ဧပြီလပထမအပတ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်ခံရသည့် မြို့နယ်များမှာ မုံရွာ၊ အရာတော်၊ ၀က်လက်၊ ထီးချိုင့်၊ ဘုတလင်၊ ကနီ၊ ပုလဲ၊ ယင်းမာပင်မြို့နယ်တို့ဖြစ်ကြောင်း ယင်းမိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“အမိုးလန်တာကတော့ မုံရွာရယ်၊ ဘုတလင်ရယ်၊ ယင်းမာပင်ရယ်၊ ကနီရယ်နဲ့ ၀က်လက်မြို့နယ်တွေဖြစ်တယ်။ ပျက်စီးမှုအပေါ် မူတည်ပြီးတော့ ထောက်ပံ့တာပါ။ နောက်တစ်ခါ ပုဆိုးရယ်၊ ဆပ်ပြာရယ်၊ မျက်နှာသုတ်ပ၀ါ၊ လုံချည်၊ အင်္ကျီ ဒါတွေကိုလည်း ထောက်ပံ့ပေးတယ်။ ကျန်တာတွေကတော့ ဖြစ်တာနည်းတယ်။ အခုအချိန်က မိုးတိမ်တောင်တွေတက်ပြီးတော့ လေထုမငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ အကာအကွယ်ရှိတဲ့နေရာမှာ နေသင့်တယ်။ မိုးကြိုးတွေလည်း ပစ်နိုင်တဲ့အတွက်ကြောင့် လျှပ်စစ်တို့၊ တယ်လီဖုန်းတွေကအစ သေချာဂရုစိုက်သုံးသင့်တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးစ၀ီလီဖရန့်က ပြောကြားသည်။

ဧပြီ ၂ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် လူနေအိမ်နှစ်လုံးနှင့် ကနီမြို့နယ်တွင် လူနေအိမ် ၁၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဧပြီ ၃ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် မုံရွာမြို့နယ်တွင် ပြိုကျလူနေအိမ်သုံးလုံး၊ အမိုးလန် ၂၃၅ လုံးတို့ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

ဧပြီ ၃ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် ကနီမြို့နယ် နတ်လာဘို့အုပ်စုတွင် လူနေအိမ် ၅၉ လုံး၊ ရင်းပိုးကျေးရွာတွင် လူနေအိမ်ရှစ်လုံး၊ အိုင်တောင်ကျေးရွာတွင် လူနေအိမ် ၁၃ လုံး၊ နွားခြံကုန်းကျေးရွာတွင် လူနေအိမ် ၁၈ လုံး၊ တွင်းကျေးရွာတွင် လူနေအိမ်နှစ်လုံး၊ ဒေါင်းခြံကျေးရွာတွင် လူနေအိမ် ၁၈ လုံး၊ ထီးချိုင့်မြို့နယ်တွင် လူနေအိမ် နှစ်လုံး၊ ယင်းမာပင်မြို့နယ်တွင် ပြိုကျလူနေအိမ် ၃၇ လုံး၊ အမိုးလန်လူနေအိမ် ၄၉၀ လုံး၊ ဘုတလင်မြို့နယ်တွင် လူနေအိမ် ၉၇ လုံး၊ ၀က်လက်မြို့နယ်တွင် လူနေအိမ် ၁၅ လုံး၊ အရာတော်မြို့နယ်တွင် လူနေအိမ် ၃၄ လုံး၊ စုစုပေါင်း လူနေအိမ် ၁၀၄၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

April 7, 2018














Copy Protected by Chetan's WP-Copyprotect.