ဟုမ္မလင်းမြို့နယ် နန်နစ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိပြီး လူနှစ်ဦးသေဆုံး

ဟုမ္မလင်းမြို့နယ် နန်နစ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိပြီး လူနှစ်ဦးသေဆုံး
Published 8 April 2018

လေပြင်းတိုက်ခတ်မှုကြောင့် ပေ ၂၀ ခန့်ရှိ သဖန်းပင် လူနေအိမ်ပေါ်သို့ လဲပြိုကျစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မန်စိမ်းအုပ်စု နန်နစ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နန်နစ်ကျေးရွာအနောက်ဘက် နတ်မနေအခင်းတောတွင် ဧပြီ ၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် သုံးပင်ပတ်လည် နေအိမ်နှစ်လုံးနှင့် လေးပင်သုံးပင်မြေစိုက် ပျဉ်ခင်းပျဉ်ကာလူနေအိမ်တစ်လုံး၊ စုစုပေါင်း လူနေအိမ်သုံးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

လေးပင်သုံးပင်မြေစိုက် ပျဉ်ခင်းပျဉ်ကာ လူနေအိမ်၏ အိမ်နောက်ဘက်ရှိ လုံးပတ်ပေ ၂၀ ခန့် သဖန်းပင်သည် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့လဲကျရာ နေအိမ်ပိမိပြီး နေအိမ်အတွင်း၌ အိပ်နေသည့် အိမ်ရှင်ဒေါ်ကော့ဂျာ၏ ဦးခေါင်းနှင့် ရင်ဘတ်တွင် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်သို့ အလည်အပတ်ရောက်ရှိနေသော ဒေါ်ဂျာခွမ်းနှင့် ဦးဖိုးယောတို့နှစ်ဦးမှာမူ သစ်ပင်လဲကျပိမိသည့်အတွက် ဦးခေါင်း၊ ခြေထောက်နှင့် နံရိုးများကျိုးကျေကာ သေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သစ်ပင်ပိမိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူ ဒေါ်ကော့ဂျာအား မိုးညှင်းမြို့နယ် လုံးတုံဆေးရုံသို့ပို့၍ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“ဟုမ္မလင်းမြို့နယ်ထဲကဆိုပေမဲ့ ဟုမ္မလင်းမြို့ပေါ်နဲ့ ဆေးရုံနဲ့ကျတော့ အရမ်းဝေးသွားပြီ။ သွားရေးလာရေးက ကချင်ပြည်နယ်ဘက်နဲ့ ပိုနီးသွားပြီ။ ဒါကြောင့် လူနာကိုတော့ ပိုနီးစပ်ရာဆေးရုံကိုပဲ ပို့လိုက်ကြတယ်လို့ သိရတယ်” ဟု ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent