<

ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချသူနှစ်ဦးထံမှ ကျပ်သိန်းပေါင်း ၁၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများကို ရှာဖွေစစ်ဆေးနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ်တွင် ဧပြီ ၇ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချသူ နှစ်ဦးထံမှ ကျပ်သိန်းပေါင်း ၁၃၉၀ တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၇ ရက် နံနက် ၉ နာရီက မူးယစ်ဆေးဝါးသတင်းအရ ပင်လည်ဘူးမြို့မရဲစခန်းက မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မစခန်းမှူးတို့ ဦးဆောင်ညွှန်ကြားပြီး ဒုရဲအုပ်ဖြိုးဝေလင်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသတွင်းဖွဲ့စည်းထားသည့် မိုးသောက်ကြယ် မူးစိတ်တားအဖွဲ့တို့ ပူးပေါင်းကာ ပင်လည်ဘူးမြို့နယ် ကသောအုပ်စု အောင်းကုန်းကျေးရွာရှိ မောင်နိုင် (ခ) အောင်နိုင်ဦး၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ကြောင်း၊ ထိုသို့ရှာဖွေရာတွင် မောင်နိုင်၏နေအိမ်သို့ အလည်ရောက်ရှိနေသည့် အောင်အောင် (ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် လွယ်ကန်ရွာနေသူ) တို့ကို အတူတွေ့ရှိခဲ့ကြောင်း၊ အဆိုပါနေအိမ်အတွင်းသို့ ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အောက်ထပ် မြေကြီးအတွင်း၌တူးကာ မြှုပ်နှံထားသည့် ပလတ်စတစ်ပုံးအတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား၂၇၈၀၀၊ ကာလတန်ဖိုးငွေ ကျပ်သိန်း ၁၃၉၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

“ဒီတစ်ခါဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးက ပမာဏများသလို ကာလတန်ဖိုးကလည်း ကျပ်သိန်းပေါင်း ၁၃၉၀ ရှိပါတယ်။ တရားခံနှစ်ဦးကိုတော့ ပင်လည်ဘူးမြို့မရဲစခန်းမှာ မူးစိတ်တားဥပဒေတွေနဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်” ဟု မိုးသောက်ကြယ် မူးစိတ်တားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၈၀၀ နှင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၃၉၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် တရားခံမောင်နိုင်နှင့် အောင်အောင်တို့ကို ပင်လည်ဘူးမြို့မရဲစခန်းက မယ(ပ)၄၄/ ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်မှာ မူးယစ်ဆေးဝါးများကို ထုတ်လုပ်ခြင်းမရှိသော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဘက်များမှ နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်လျက်ရှိပြီး ပင်လည်ဘူးမြို့နယ်ကို အခြေချဗဟိုပြု၍ အခြားမြို့နယ်ဒေသအသီးသီးသို့ ဖြန့်ချိရောင်းချမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိအချိန်တွင် ဒေသခံများက ဒေသအတွင်း မူးယစ်ဆေးဝါး လျော့ပါးပျောက်ကွယ်ရေးအတွက် ဒေသဆိုင်ရာအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးရောင်းချသူများအား ပုံစံမျိုးစုံဖြင့်ဖမ်းဆီးခြင်း၊ လက်ကားဒိုင်များကို ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ပျံ့နှံ့နေမှု၊ လက်ကားဒိုင်ကြီးများဖြင့် ဖြန့်ချိရောင်းချနေမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပင်လည်ဘူးဒေသခံလူငယ်များက မိုးသောက်ကြယ်အမည်ဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ပင်လည်ဘူးမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ပျံ့နှံ့ရောင်းချနေသည့်အပြင် သုံးစွဲသူများလည်း အများအပြားရှိနေဆဲဖြစ်ကြောင်း သိရပြီး ကျောင်းသားအချို့ပါ မူးယစ်ဆေးဝါး သုံးစွဲလာမှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက လူမှုစီးပွားဘ၀များပါ ထိခိုက်မှုများစွာဖြစ်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။

April 7, 2018














Copy Protected by Chetan's WP-Copyprotect.