<

မန္တလေးမြို့ သင်္ကြန်ပွဲတော်တွင် ပြိုင်ပွဲဝင်ရန်နှင့် ဖျော်ဖြေရန်အတွက် သဗြွန်းသံချပ်အဖွဲ့ သံချပ်အကြိုလေ့ကျင့်

သဗြွန်းသံချပ်အဖွဲ့ သံချပ်အကြိုလေ့ကျင့်နေစဉ်

မန္တလေးမြို့ သင်္ကြန်ပွဲတော်တွင် ပြိုင်ပွဲဝင်ရန်နှင့် ဖျော်ဖြေရန်အတွက် ပုသိမ်ကြီးမြို့နယ်ရှိ သဗြွန်းသံချပ်အဖွဲ့မှ ၀တ်စုံပြည့်အကြို လေ့ကျင့်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးသင်္ကြန်ပွဲတော်တွင် သံချပ်ပြိုင်ပွဲ ထည့်သွင်းကျင်းပခြင်းကို ပြီးခဲ့သည့်နှစ်မှစတင်ကာ ပြုလုပ်ခဲ့ပြီး မန္တလေးနှင့် အခြားနီးစပ်ရာမြို့များမှ သံချပ်အဖွဲ့များ လာရောက်ယှဉ်ပြိုင်မှုပြုလုပ်ခဲ့ရာ သဗြွန်းသံချပ်အဖွဲ့မှာ ပြီးခဲ့သည့်နှစ်က ပြိုင်ပွဲဝင်ရာတွင် ဒုတိယဆုရရှိခဲ့ကြောင်း သိရသည်။

“ဒီနှစ်သဗြွန်းသံချပ်က ထွီဆိုတဲ့ခေါင်းစဉ်နဲ့ စိစစ်ရေးကို တင်ထားပါတယ်။ ခေါင်းစဉ်ထွီဆိုတာက သံချပ်စာကိုယ်ထဲမှာ ပြည်သူတွေအနေနဲ့ မနှစ်မြို့စရာအကြောင်းအရာတွေကို ထွီတတ်ဖို့၊ ထွီရဲဖို့ ထွီဖို့လိုတာကြောင့် ထွီဆိုပြီး ခေါင်းစဉ်ပေးဖြစ်တာပါ။ မနှစ်မြို့တဲ့ အကြောင်းအရာတွေထဲမှာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစားကြား ကွာဟနေတဲ့ ကွာဟချက်တွေ၊ အုပ်ချုပ်ခံရတဲ့သူတွေ မနှစ်မြို့တာတွေကို အုပ်ချုပ်သူတွေသိဖို့အတွက် အသိပေးချင်တာပါ။ စာသားတွေထဲမှာ ကဏ္ဍပေါင်းစုံထည့်ထားပြီး အများဆုံးကတော့ တိုင်းပြည်ချွတ်ခြုံကျနေတဲ့ အကြောင်းတရားတွေထဲမှာ တစ်ဦးချင်းစီရဲ့ အသိတရားတွေ ပြောင်းလဲဖို့လိုတယ်ဆိုတာကို ပြောချင်တာပါ။ စည်ကမ်းရှိဖို့၊ အသိတရားပြောင်းလဲဖို့နဲ့ ကိုယ်စီကိုယ်ကျင့်တရား ကောင်းဖို့အတွက် ရည်ရွယ်ရေးထားတာပါ” ဟု သဗြွန်းသံချပ်အဖွဲ့မှ သံချပ်စာဆို ဦးသန်းဆွေ (ခ) နီခက်က ပြောကြားသည်။

သဗြွန်းသံချပ်အဖွဲ့မှ ယခုနှစ်တွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် ပြိုင်ပွဲဝင်ဖျော်ဖြေပြီး ဖျော်ဖြေရေးအဖြစ် မြို့တွင်းသင်္ကြန်မဏ္ဍပ်များ ရပ်ကွက်များသို့ လှည့်လည်ဖျော်ဖြေမည်ဖြစ်ကာ ဖိတ်ကြားချက်အရ ကျောက်ဆည်မြို့ သင်္ကြန်မဏ္ဍပ်တစ်ခုသို့လည်း သွားရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် သံချပ်ပြိုင်ပွဲကို သင်္ကြန်အကြိုနေ့၊ အကျနေ့နှင့် အကြတ်နေ့များတွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ ညနေ ၃ နာရီမှ ည ၆ နာရီအတွင်း ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ပြီး သံချပ်အဖွဲ့တစ်ဖွဲ့လျှင် ယှဉ်ပြိုင်ချိန် မိနစ် ၃၀ ခွင့်ပြုမည်ဖြစ်ကာ လက်ရှိတွင် ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းထားသည့် သံချပ်ငါးသင်းရှိပြီဖြစ်ကြောင်း သိရသည်။

April 7, 2018














Copy Protected by Chetan's WP-Copyprotect.