သြင်္ကန်ကာလအတွင်း တစ်နိုင်ငံလုံးရှိ ဆေးရုံကြီးများတွင် အရေးပေါ်လူနာများအတွက် ဆေးနှင့်ဆေးပစ္စည်းများ အသင့်ပြင်ဆင်ရန်နှင့် ဝန်ထမ်းများ အားဖြည့်ထားရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

သြင်္ကန်ကာလအတွင်း တစ်နိုင်ငံလုံးရှိ ဆေးရုံကြီးများတွင် အရေးပေါ်လူနာများအတွက် ဆေးနှင့်ဆေးပစ္စည်းများ အသင့်ပြင်ဆင်ရန်နှင့် ဝန်ထမ်းများ အားဖြည့်ထားရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 8 April 2018

၂၀၁၇ ခုနှစ် သြင်္ကန်အကြတ်နေ့တွင် ရေကစားနေသူများအား တွေ့ရစဉ်

သြင်္ကန်ကာလအတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်လူနာများကို ဆေးကုသမှုပေးနိုင်ရန် ဆေးနှင့်ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရန်နှင့် အရေးပေါ်ဌာနများအတွက် ကျန်းမာရေးဝန်ထမ်းများ အားဖြည့်ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လမ်းညွှန်မှာကြားထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဧပြီ ၆ ရက်က သြင်္ကန်ကာလအတွင်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဝန်ကြီးဌာန၏ အထွေထွေကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တစ်နိုင်ငံလုံးရှိ ဆေးရုံများတွင် သြင်္ကန်ကာလအတွင်းသာမက တစ်နှစ်ပတ်လုံး၌ အရေးပေါ်လူနာများကို အရည်အသွေးပြည့်ဝစွာ အရေးပေါ်ကုသပေးနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများ ပြည့်စုံစွာအသင့်ပြင်ဆင်ထားရန်၊ အရေးပေါ်ပြုစုစောင့်ရှောက်သည့် ပညာရပ်များကျွမ်းကျင်မှုရှိစေရန် အရေးပေါ်ဌာနမှ ဝန်ထမ်းများကို လိုအပ်သောသင်တန်းများပေးပြီး အရေးပေါ်ဌာနများကို အားဖြည့်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်းနှင့် သြင်္ကန်ကာလအတွင်း မော်တော်ဆိုင်ကယ် မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအန္တရာယ်ကို ကာကွယ်လျှော့ချနိုင်ရန်အတွက် မော်တော်ဆိုင်ကယ်စီးသူတိုင်း ဆိုင်ကယ်ဦးထုပ်ဆောင်းနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ ညှိနှိုင်းမေတ္တာရပ်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြင်္ကန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာအထူးကုဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ၇၅၂ ဦး၊ သေဆုံးလူနာ ၁၀ ဦးရှိခဲ့ပြီး ယင်းတို့အနက် လူနာ ၃၀၀ နီးပါးမှာ ယာဉ်မတော်တဆမှုကြောင့်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

သြင်္ကန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည့်လူနာများအနက် ယာဉ်ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်းနှင့် ၂၀၁၇ ခုနှစ် သြင်္ကန်အကြိုနေ့တွင် အတွင်း/အပြင်လူနာ ကျား ၁၃၇၊ မ ၄၇၊ စုစုပေါင်း ၁၈၄ ဦး၊ သြင်္ကန်အကျနေ့တွင် ကျား ၁၂၉၊ မ ၅၂၊ စုစုပေါင်း ၁၈၁ ဦး၊ သြင်္ကန်အကြတ်နေ့တွင် ကျား ၁၆၄၊ မ ၆၀၊ စုစုပေါင်း ၂၂၄ ဦး၊ သြင်္ကန်အတက်နေ့တွင် ကျား ၁၁၇ ဦး၊ မ ၄၆ ဦး၊ စုစုပေါင်း ၁၆၃ ဦးရှိခဲ့ကြောင်းနှင့် သေဆုံးရောက်ရှိလူနာမှာ သြင်္ကန်အကြိုနေ့တွင် ကျားတစ်ဦး၊ သြင်္ကန်အကျနေ့တွင် ကျားသုံးဦး၊ မတစ်ဦး၊ သြင်္ကန်အကြတ်နေ့တွင် ကျားတစ်ဦး၊ မနှစ်ဦး၊ သြင်္ကန်အတက်နေ့တွင် ကျားနှစ်ဦး၊ စုစုပေါင်းသေဆုံးလူနာ ၁၀ ဦးအထိရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာအထူးကုဌာနသို့ ရောက်ရှိခဲ့သည့် လူနာများအနက် ယာဉ်မတော်တဆမှုကြောင့် ရောက်ရှိလာသည့်လူနာမှာ သြင်္ကန်အကြိုနေ့တွင် ၇၁ ဦး၊ သြင်္ကန်အကျနေ့တွင် ၈၀၊ သြင်္ကန်အကြတ်နေ့တွင် ၉၁ ဦး၊ သြင်္ကန်အတက်နေ့တွင် ၄၇ ဦး၊ စုစုပေါင်း ၂၈၉ ဦး ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။

သြင်္ကန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန၌ တက်ရောက်ကုသသည့် လူနာအရေအတွက် နှစ်စဉ်များပြားသဖြင့် ကျန်းမာရေးဝန်ထမ်းအင်အား၊ အထွေထွေလုပ်သားအင်အားနှင့် ဆေးဝါးပစ္စည်းများကို နှစ်ဆနီးပါး တိုးမြှင့်စီစဉ်ခဲ့ကြောင်း၊ ဆေးဝါးပစ္စည်းများကို မတ်လလယ်ခန့်မှစတင်၍ စာရင်းပြုစုထားပြီး ရောက်ရှိလာမည့် လူနာများအတွက် လိုအပ်ချက်နည်းနိုင်သမျှနည်းစေရန် ကြိုတင်စုဆောင်းခဲ့ကြောင်း၊ အရေးပေါ်နှင့် ပြင်ပလူနာအထူးကုဌာန၌ အရေးပေါ်အထူးကုဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းများကို ၂၄ နာရီ အလှည့်ကျတာဝန်များချထားပေးခဲ့ကြောင်းနှင့် ယခုနှစ်သြင်္ကန်ကာလတွင်လည်း ယခင်နှစ်များနည်းတူ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent