မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားဟုဆိုသူ အမျိုးသား ၅၀ နှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၅၅ ဦးအား စစ်ဆေးရာ မှန်ကန်ကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားဟုဆိုသူ အမျိုးသား ၅၀ နှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၅၅ ဦးအား စစ်ဆေးရာ မှန်ကန်ကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်
Published 8 April 2018

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ Bukit Jalil လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားဟုဆိုသူ အမျိုးသား ၅၀ ဦး နှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၅၅ ဦးတို့အား စစ်ဆေးရာ အချက်အလက်များ မှန်ကန်သဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Bukit Jalil လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားဟုဆိုသူ အမျိုးသား ၅၀ ဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၅၅ ဦးတို့ကို မြန်မာသံရုံးမှ တာဝန်ရှိသူများက တွေ့ဆုံကာ ၎င်းတို့၏ အခက်အခဲများ၊ ကျန်းမာရေး အခြေအနေများကို မေးမြန်း၍ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် လိုအပ်သည့် အချက်အလက်များကို မတ် ၂၉ ရက်က မေးမြန်း စိစစ်ခဲ့ကြောင်း၊ ထိုသို့ စိစစ်ရာ ၅၅ ဦးစလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး အမိမြန်မာနိုင်ငံသို့ ပြန်လိုကြောင်း သိရသဖြင့် C of I များ အခမဲ့ ထုတ်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း ယင်းကြောင့် လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် မြန်မာသံရုံး အနေဖြင့် အချက်အလက် ပြည့်စုံစွာ တင်ပြနိုင်သည့် မြန်မာနိုင်ငံသား မှန်ကန်သူများ၊ မြန်မာနိုင်ငံသို့ ပြန်လိုသူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေကြောင်းနှင့် အချက်အလက် ပြည့်စုံစွာ မတင်ပြနိုင်သဖြင့် လတ်တလော နိုင်ငံသား မှန်ကန်ကြောင်း စိစစ်နိုင်ခြင်း မရှိသေးသူများ ရှိပါကလည်း မြန်မာနိုင်ငံသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း၍ အတည်ပြုချက် လျင်လျင်မြန်မြန် ရရှိရေးအတွက် စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေး စခန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်း ခံထားရသည့် မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည် ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံရုံးဝန်ထမ်းများသည် သက်ဆိုင်ရာ ထိန်းသိမ်းရေး စခန်းများသို့ သွားရောက်၍ လူတွေ့ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ပြီး နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံရှိ မလေးရှားသံရုံးက ဧပြီ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။ နေမျိုးဝင်း

Most Read

Most Recent