ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ပွိုင့် ၉၀ အောက်ပြန်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၆ ကျပ်ဝန်းကျင်ရှိနေ

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ပွိုင့် ၉၀ အောက်ပြန်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၆ ကျပ်ဝန်းကျင်ရှိနေ
Published 8 April 2018

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ဧပြီ ၆ ရက်တွင် ပွိုင့် ၉၀ အောက်ပြန်ဆင်း၍ ဈေးပိတ်ခဲ့ပြီး ဧပြီ ၇ ရက်တွင် ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၆ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ဇန်နဝါရီ ၁၁ ရက်တွင် ၉၁ ပွိုင့်အောက်၊ ဇန်နဝါရီ ၂၃ ရက်တွင် ပွိုင့် ၉၀ အောက်၊ ဇန်နဝါရီ ၂၅ နှင့် ၃၁ ရက်တွင် ၈၉ ပွိုင့်အောက်သို့ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် ၈၉ ပွိုင့်အထက်၊ မတ် ၁၇ ရက်အထိ ပွိုင့် ၉၀ အထက်ရှိသော်လည်း မတ် ၁၉ ရက်တွင် ပွိုင့် ၉၀ အောက်၊ မတ် ၂၆ ရက်တွင် ၈၉ ပွိုင့်အောက်သို့ ကျဆင်းခဲ့ကာ ဧပြီ ၅ ရက်တွင် ပွိုင့် ၉၀ အထက်ပြန်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ နိုဝင်ဘာလတွင် ၁၃၅၆ -၁၃၅၉ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၅၄-၁၃၅၉ ကျပ်၊ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီလတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်လတွင် ၁၃၂၆-၁၃၃၄ ကျပ်တို့ဖြစ်ပြီး ဇန်နဝါရီတွင် ကွာဟချက် အများဆုံးဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အမြင့်ဆုံးဈေးနှုန်းအဖြစ် ၁၃၃၁ ကျပ်ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၂၀ ရက်အထိ ၁၃၂၆-၁၃၂၉ ကျပ်ဝန်းကျင်ရှိပြီး မတ် ၂၁ ရက်တွင် ၁၃၃၄ အထိမြင့်တက်ခဲ့သည်။ ထို့နောက် မတ် ၂၁ ရက်မှ စတင်ပြန်လည်ကျဆင်းခဲ့ရာ မတ် ၂၉ ရက်တွင် ၁၃၂၈ ကျပ်၊ ဧပြီ ၇ ရက်တွင် ၁၃၂၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီ ၆ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ ၁၃၃၀ ကျပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Most Read

Most Recent