ယခုဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်ပတ်အလိုအထိ ပြည်ပသို့ ကုန်သွယ်မှုပမာဏသည် ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်

ယခုဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်ပတ်အလိုအထိ ပြည်ပသို့ ကုန်သွယ်မှုပမာဏသည် ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်
Published 8 April 2018

မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်ပတ်အလိုအထိ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မတ် ၂၃ ရက်အထိ ပြည်ပသို့ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၇ ဒသမ ၇၅၆ ဘီလျံကျော်သာရရှိခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကာလတူတွင်မူ ဒေါ်လာ ၃၂ ဒသမ ၀၉၁ ဘီလျံအထိရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ ကုန်သွယ်မှုပမာဏများကို နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှုပမာဏ ၁၃ ဒသမ ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာဘီလျံ ၃၀ ကျော်အထိရရှိမည်ဟု မျှော်မှန်းထားကြောင်းနှင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည့် ယခင်နှစ်ကထက်ပင် ပိုမိုမြင့်မားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

“ဒီနှစ် ကုန်သွယ်မှုအခြေအနေက ဖေဖော်ဝါရီလလယ်အထိ ၂၈ ဒသမ ၆ ဘီလျံလောက်အထိ ရထားပါတယ်။ မနှစ်ကတစ်နှစ်လုံးရဲ့ ကုန်သွယ်မှုပမာဏဟာ ၂၉ ဒသမ ၂၁၂ ဘီလျံဖြစ်တယ်။ အဲဒီတော့ မနှစ်က ကုန်သွယ်မှုပမာဏဟာ သမိုင်းတစ်လျှောက်လုံးမှာ အမြင့်ဆုံးရခဲ့တဲ့ ကုန်သွယ်မှုပမာဏပေါ့။ ဒီနှစ်မှာ အဲဒါထက်ကျော်သွားလိမ့်မယ်။ ဒီဖေဖော်ဝါရီလအတွင်းမှာတင် ၂၈ ဒသမ ၆ ဖြစ်တဲ့အတွက် နှစ်ကုန်တဲ့အချိန်မှာ ဘီလျံ ၃၀ ကျော်မယ်လို့ ကျွန်တော်တို့ မှန်းထားပါတယ်။ အဲဒီအတွက် ဒီနှစ်ရတဲ့ ကုန်သွယ်မှုပမာဏဟာ သမိုင်းတစ်လျှောက်မှာ မနှစ်ကထက် ပိုမြင့်မားလာမယ့်အခြေအနေတွေရှိတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလလယ်အထိ ပို့ကုန်နှင့် သွင်းကုန်တွင် မနှစ်ကကာလတူထက် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံခန့်ပိုများကြောင်း၊ ယင်းအနက် သွင်းကုန်ကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော်၊ ပို့ကုန်ကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၃ ဘီလျံကျော်ပိုရထားသည့် အနေအထားရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၂၃ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၂ ဒသမ ၀၉၁ ဘီလျံရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၄ ဒသမ ၃၃၅ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် မတ် ၂၃ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၀၉၁ ဘီလျံတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃ ဒသမ ၉၂၆ ဘီလျံနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈ ဒသမ ၁၆၅ ဘီလျံ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent