အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ်လူငယ်ညီလာခံ နေပြည်တော်၌ ယနေ့ ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ်လူငယ်ညီလာခံ နေပြည်တော်၌ ယနေ့ ကျင်းပမည်
Published 7 April 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် လူငယ်ညီလာခံကို နေပြည်တော်ရှိ MICC-2 ခန်းမတွင် ဧပြီလ  ၇ ရက် (ယနေ့) တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါညီလာခံတွင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ရွေးချယ်စေလွှတ်သည့်လူငယ်ကိုယ်စားလှယ် ၂၆၀ ကျော်မှ လူငယ် ဦးဆောင်အဖွဲ့၊ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့၊ တာဝန်ခံ၊ တွဲဖက်တာဝန်ခံများ ရွေးချယ်ခြင်းတို့ ကို မဲပေးရွေးချယ်သည့် စနစ်ဖြင့်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“၂၆၀ ကျော်ကနေ ဒီမိုကရေစီနည်းကျကျ မဲပေးရွေးချယ်မှာဖြစ်ပါတယ်။ ပထမအဆင့် လူငယ်ဦးဆောင်အဖွဲ့ရွေးပါမယ်။ ၂၆၀ ကျော်ထဲကနေ ၆၀ ကျော်ဖြစ်မယ်။ ၆၀ ကျော်ထဲကမှ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ပြန်ရွေးမယ်။ အဲဒါလည်း လျှို့ဝှက်မဲပေးတဲ့စနစ်နဲ့ မဲခွဲရွေးမှာပဲ။ ပြီးရင် တာဝန်ခံ၊ တွဲဖက်တာဝန်ခံ ပြန်လည်တာဝန်ခွဲဝေတဲ့အခါမှာလည်း ပထမအဆင့်နဲ့ ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပါ တယ်။ ညှိနှိုင်းဆောင်ရွက်လို့မရရင် မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အားလုံးကတော့ ဒီမိုကရေစီနည်းကျကျ လျှို့ဝှက်မဲပေးတဲ့စနစ်နဲ့ ရွေးချယ်မှာဖြစ်ပါတယ်”ဟု ဒုတိယအကြိမ် လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောကြားသည်။

အဆိုပါညီလာခံမှ ပါတီအတွက် လူငယ်မျိုးဆက်သစ်ခေါင်းဆောင်များ ထွက်ပေါ်ရန်  မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။

လက်ရှိစာရင်းများအရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လူငယ်အဖွဲ့ဝင် အင်အား ခုနစ်သောင်းကျော်ရှိပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လူငယ်ခေါင်းဆောင် ၅၅၀၀ ကျော်ရှိကြောင်း၊ ကော် မရှင်အဖွဲ့ဝင် ၆၆၀၀ ကျော်ရှိကြောင်း သိရသည်။

Most Read

Most Recent