တိုက်လေယာဉ်ပျက်ကျ၍ ကျဆုံးသွားသည့် ဗိုလ်မှူးအာကာဝင်း၏ ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အားပေးစကားပေးပို့

တိုက်လေယာဉ်ပျက်ကျ၍ ကျဆုံးသွားသည့် ဗိုလ်မှူးအာကာဝင်း၏ ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အားပေးစကားပေးပို့
Published 7 April 2018

တိုက်လေယာဉ်ပျက်ကျ၍ ကျဆုံးသွားခဲ့သည့် တိုက်လေယာဉ်မှူး ဗိုလ်မှူးအာကာဝင်း၏ ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်မှူးအာကာဝင်း၏ ဇနီးဖြစ်သူ ဒေါ်မြတ်မြတ်သစ်ထံ ဧပြီ ၄ ရက် နေ့စွဲဖြင့် အားပေးစကား ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပေးပို့သောစာတွင် ၂၀၁၈ ခုနှစ် ဧပြီ ၃ ရက်နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်မှူး ဗိုလ်မှူးအာကာဝင်းသည်  F-7 လေယာဉ်ဖြင့် လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းခဲ့သော်လည်း မိမိ၏အသက် ရှင်လွတ်မြောက်ရေးကို ပဓာနမထားဘဲ စွမ်း စွမ်းတမံဆောင်ရွက်ခဲ့ပြီး ကျဆုံးသွားခဲ့ရကြောင်း သိရသည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဤကဲ့သို့ စွမ်းဆောင်ရင်း ကျဆုံးခဲ့ရသည့်အတွက် ကျန်ရစ်သူ သမီးမမြတ်မြတ်သစ်တို့ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း မေတ္တာဖြင့် အားပေးစကားပြောကြားလိုက်သည်ဟု ရေးသား ထားသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကျွန်းကုန်းရွာပေါ်သို့ လေယာဉ်ပျက်ကျမှုမရှိစေရေးအတွက် အသက်ကို ပဓာနမထားဘဲ လေယာဉ်အား အတတ်နိုင်ဆုံး ထိန်းကျောင်းမောင်းနှင်ခဲ့စဉ် အသက်ဆုံးရှုံးခဲ့ရသည့် လေသူရဲဖြစ်သူ ဗိုလ်မှူးအာကာဝင်းအား ချီးကျူးဂုဏ်ပြုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

တောင်ငူလေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးအာကာဝင်းမောင်းနှင်သည့် F-7 လေယာဉ်သည် လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေစဉ် အင်ဂျင်ချို့ယွင်း၍ ပျက်ကျခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန်အတွက်  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နှင့် တပ်မတော် (လေ) မှ ပညာရှင်များပါဝင်သောအဖွဲ့သည် ဧပြီ ၄ ရက်တွင် တောင်ငူလေတပ်စခန်း ဌာနချုပ်နှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခြင်းနှင့် မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံပြည်သူများအား ဧပြီ ၄ ရက်က တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

မျက်မြင်စစ်ဆေးချက်များနှင့် ကျွန်းကုန်းကျေးရွာမှ ကျေးရွာသားအချို့၏ မျက်မြင်တွေ့ရှိပြောကြားချက်များအရ ၎င်းနေရာသည် အင်ဒိုင်းရွာအထက် အမြင့်မီတာ ၃၀၀ ခန့်တွင် ရောက်ရှိနေပြီး လေယာဉ်၏ဦးတည်ရာအရပ်မှာ ကျွန်းကုန်းရွာသို့ ဦးတည်လျက်ရှိသည်ဟု တွေ့ရှိရကြောင်း၊ ထိုအချိန်တွင် အရေးပေါ် လေထီးဖြင့် ခုန်ထွက်မည်ဆိုပါက လေသူရဲတစ်ဦးအတွက် လုံလောက်သည့် အချိန်နှင့်အမြင့်ပေတွင် ရှိနေနိုင်ပြီး အသက်အန္တရာယ်လွတ်ကင်းနိုင်သည့် အခြေအနေရှိ ကြောင်း တွေ့ရှိရသော်လည်း အသက်ကယ် လေထီးပါထိုင်ခုံ၏ တွန်းကန်အားကြောင့် လေယာဉ်ပေါ် ဖိအားသက်ရောက်စေ၍ ကျွန်းကုန်းရွာအတွင်းသို့ လေယာဉ်ပျက်ကျနိုင်သည့် အနေအထားတွင်ရှိသည်ဟု တွေ့ရှိရကြောင်း၊ ဗိုလ်မှူးအာကာဝင်း ၎င်းနေရာတွင် အရေးပေါ်ခုန်ထွက်ခြင်းကို ပြုလုပ်ခဲ့ခြင်းမရှိဘဲ လေယာဉ်အားကြိုးစား၍ ဆက်လက်ထိန်းသိမ်းခဲ့ပြီး ကျွန်းကုန်းရွာအလွန်မြေပြင်မှ အမြင့်ပေ ၃၀ မီတာခန့် ရောက်ရှိချိန်မှသာ အရေးပေါ်ခုန်ထွက်ခြင်းပြုလုပ်ခဲ့သည်ဟု တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

သို့ဖြစ်၍ လုံလောက်သည့်အချိန်နှင့် အမြင့်ပေရရှိတော့ခြင်းမရှိဘဲ လေယာဉ်မြေပြင်သို့ ဆောင့်မိချိန်နှင့် တစ်ပြိုင်နက်တည်း ခုန်ထွက်ခဲ့သည့်အခြေအနေမျိုး ရောက်ရှိခဲ့သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး တပ်မ တော်ဆေးရုံသို့ ဆက်လက်ပု့ိဆောင်စဉ် သေဆုံးခဲ့ကြောင်း တွေ့ရှိရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent