<

တရားခွင်အတွင်း မတ္တရာမြို့နယ် တရားသူကြီးအား ဖိနပ်ဖြင့် ပစ်ပေါက်သည့် ရှေ့နေဦးဇော်ဝင်းအမှု ရုံးပြောင်းလျှောက်ထားလိုကြောင်း နှုတ်ဖြင့်ပြောကြားသဖြင့် စစ်ဆေးနိုင်ခြင်း မရှိဘဲ ရုံးချိန်း ပြန်လည်ချိန်းဆို

မတ္တရာမြို့နယ် တရားသူကြီးအား ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်းအား မိတ္ထီလာမြို့နယ် တရားရုံးချိန်းတွင် တွေ့ရစဉ်

တရားခွင်အတွင်း မတ္တရာမြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းထိန်အား ဖိနပ်ဖြင့် ပစ်ပေါက်အော်ဟစ်ခဲ့သည် ဟုဆိုကာ မတ္တရာမြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းထိန်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် အမှုရင်ဆိုင်နေရသော တရားလွှတ်တော် ရှေ့နေဟောင်း ဦးဇော်ဝင်းအမှုအား မိတ္ထီလာမြို့နယ် တရားရုံးက ဧပြီ ၆ ရက် မွန်းလွဲပိုင်းတွင် (၁၁) ကြိမ်မြောက် စစ်ဆေးခဲ့သော်လည်း  စွပ်စွဲခံရသူဘက်မှ လာရောက် အမှုရင်ဆိုင် ရသည်မှာ ဝေးကွာလွန်းသည့်အတွက် ရုံးပြောင်းလျှောက်ထားလိုကြောင်း နှုတ်ဖြင့် ပြောကြားသဖြင့်  စစ်ဆေးနိုင်ခြင်း မရှိဘဲ ဧပြီ ၂၀ ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ကြောင်း မိတ္ထီလာမြို့နယ် တရားရုံးမှ သိရသည်။

“တရားဥပဒေ စိုးမိုးမှု မရှိလို့ ခုလိုဖြစ်နေတာပဲ။ တရားဥပဒေ စိုးမိုးမှုရှိရင် ခုလိုဖြစ်စရာ အကြောင်းမရှိဘူး။ ကျွန်တော့် ကျန်းမာရေး အခြေအနေကတော့ ကောင်းပါတယ်။ အိုးဘိုထောင်ကနေ ရုံးထွက်လာရတာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ဧပြီ ၆ ရက် မိတ္ထီလာမြို့နယ် တရားရုံး ရုံးချိန်းတွင် ပြောကြားသည်။

တရားရင်ဆိုင်နေစဉ် တရားခွင်အတွင်း ဖိနပ်ဖြင့် ပစ်ပေါက်သည်အထိ ဖြစ်ရသည့် ဖြစ်စဉ်မှာ ဆေးစာအတု ပြုလုပ်သည် ဟုဆိုကာ မတ္တရာမြို့နယ် တရားရုံးက ၂၀၁၇ ခုနှစ် မေ ၃၀ ရက်တွင် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းအား အာမခံ ရုပ်သိမ်းခြင်းကို ကျေနပ်မှု မရှိသဖြင့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက မတ္တရာမြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းထိန်အား အော်ဟစ်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဆေးစာအတု ပြုလုပ်သည် ဟုဆိုကာ မတ္တရာ တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် မိတ္ထီလာအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့ တရားခွင်အတွင်း တရားသူကြီးအား ပစ်ပေါက်ခဲ့သည့်အတွက် မတ္တရာမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဒေါ်ဝင်းဝင်းထိန်က ၂၀၁၇ ခုနှစ် မေ ၃၀ ရက်တွင် တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သဖြင့် မိတ္ထီလာမြို့နယ် တရားသူကြီး ဒေါ်အေးအိခိုင်ထံတွင် ရုံးပြောင်းစစ်ဆေးနေပြီး အမှုအမှတ် ၂၄၀၀/၂၀၁၇၊ အမှုအမှတ် ၂၄၀၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၂၈/၃၅၃/၅၀၉ ဖြင့် လက်ခံစစ်ဆေးနေစဉ်  ၂၀၁၈ ခုနှစ် မတ် ၁၅ ရက် ညနေပိုင်းက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် ဒုတိယမြို့နယ် တရားသူကြီး ဒေါ်စုသက်ငုံက မဇာဇာထွန်းကို ၀တ္တရား နှောင့်ယှက်မှုဖြင့် တရားလိုပြုလုပ် စွဲဆိုသည့် အမှုကို အပြီးသတ် အမိန့်ချနေစဉ်  ဦးဇော်ဝင်းက တရားစီရင်ရေးကို စွပ်စွဲပုတ်ခတ် ပြောဆိုခဲ့ပြီး တရားခွင်ဝင်ပေါက် ဆိုင်းဘုတ်ကို ဖိနပ်ဖြင့် ပစ်ပေါက်သဖြင့် မတ် ၁၇ ရက်တွင် ဒုတိယမြို့နယ် တရားသူကြီးက ပုဒ်မလေးခုဖြင့် အမှုဖွင့်သဖြင့်  ထပ်မံဖမ်းဆီးခံခဲ့ရပြီး ယခင်ဖိနပ်ဖြင့် ပစ်ပေါက်သည့် အမှုအတွက် မိတ္ထီလာတရားရုံးသို့ မန္တလေးတိုင်း၊ အိုးဘိုထောင်မှ ရုံးချိန်းလာရောက်နေရခြင်း ဖြစ်ကြောင်း သိရသည်။

 

April 6, 2018














Copy Protected by Chetan's WP-Copyprotect.